ရွေးကောက်ပွဲကို ရခိုင်လူထု စိတ်ဝင်စားမှုနည်းလာလို့ ANP စိုးရိမ်

ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု အားနည်းချက်တွေအပြင် စစ်ဘေးနဲ့ ကပ်ရောဂါဘေးအခြေအနေတွေကြား ရခိုင်လူထုဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုအားနည်းနေတာကြောင့် ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကလို ရခိုင်ပါတီက အများအပြားနိုင်တာမျိုးမဟုတ်ဘဲ အပြောင်းအလဲတွေ ဖြစ်လာစိုးရိမ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ နေအိမ်မှာနေဖို့ သတ်မှတ်ထားတဲ့ ပြည်နယ်ဖြစ်လို့ စည်းရုံးရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သလို အင်တာနက်လိုင်း မကောင်းတာမို့ အွန်လိုင်းကနေ မဲဆွယ်ဖို့လည်း အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

ANP ပါတီကို ကိုယ်စားပြုပြီး မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ပြိုင်မယ့် ဦးဖေသန်း ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။