ရွှေပါရမီတောရ ဆရာတော်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်မွေးနေ့ပွဲ ကျင်းပနေတဲ့ နတ်မောက်မြို့ကို ရွှေပါရမီတောရ ဆရာတော် ကြွရောက်နေပါတယ်။ ဆရာတော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ်ထားရှိတဲ့ သဘောထားနဲ့ စိတ်ဓါတ်အကြောင်း လျှောက်ထားခဲ့ပါတယ်။

ကိုကျော်ဇောဝင်း။ ။နတ်မောက်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေနေ့နှစ် ၁ဝဝ ပြည့် မွေးနေ့ ကျင်းပနေ ပါတယ်ဘုရား၊ အရှင်ဘုရားအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှစ် ၁ဝဝ ပြည့် နတ်မောက်မြို့ကို ရောက်ရှိလာတဲ့ ခံစားချက်လေး အရင်ဆုံးမိန့်ကြားပေးပါဦး ဘုရား။

ဆရာတော်။ ။ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တဲ့ မြေကိုရောက်တဲ့အတွက် အာဇာနည်မြေ၊ အောင်မြေကို နင်းရသလို ခံစားရတာပေါ့နော်၊ အဲ့ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်အငွေ့အသက်တွေ၊ လုပ်ရပ်အငွေ့ အသက်တွေလည်း ဒီနတ်မောင်မြေမှာ ပြန့်နှံ့နေတာပေါ့၊ အဲ့ဒီတော့ နတ်မောက်မြေမှာ ခြေချခွင့်ရတဲ့အတွက်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ဓါတ်တွေ ကြီးကျယ်မြင့်မြတ်တဲ့လုပ်ရပ်တွေ ဦးဇင်းရဲ့ခန္ဓာထဲမှာ စိမ့်ဝင်သွားသလို ခံစားရတာပေါ့နော်၊ အဲ့ဒီတော့ ဗိုလ်ချုပ်လောက်အထိ မစွမ်းဆောင်နိုင်တောင်မှ ဒီတိုင်းပြည် နဲ့လူမျိုးအတွက် နိုင်ငံသူနိုင်ငံသားတွေရဲ့ ကောင်းကျိုးအတွက် ကိုယ်စွမ်းနိုင်သမျှ စွန့်လွှတ်အနစ်နာပြီးတော့ လုပ်ချင်တယ်ဆိုတဲ့စိတ်ဓါတ်တွေလည်း ပိုပြီးတော့ အားကောင်းလာခဲ့တာပေါ့။

ကိုကျော်ဇောဝင်း။ ။နတ်မောက်မြို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြို့တော်ဖြစ်ပြီးတော့ ဖွံ့ဖြိုးမှုမှာလည်း အားနည်းနေတယ်လို့ ပြောဆိုသံတွေလည်းရှိပါတယ် ဘုရား၊ ဒီလိုဖွဲ့ဖြိုးမှုတိုးတက်အောင် အရှင်ဘုရားက ပရဟိတ လုပ်ငန်းတွေလည်း ဆောင်ရွက်နေတဲ့အတွက် ဒီလိုဖွဲ့ဖြိုးမှုဖြစ်ပေါ်လာအောင် ဘယ်လိုမျိုးလေးတွေ ဆောင်ရွက် ရင် ကောင်းမလဲဆိုတာလည်း မိန့်ကြားပေးပါဦး ဘုရား။

ဆရာတော်။ ။ဦးဇင်းတို့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးရှင်ပေါ့နော်၊ ဒီနေ့ဒီအချိန်မှာမှ အခုလောလောဆယ်လေးမှာမှ မွေးဖွားတဲ့ကလေးလေးအတွက်လာ်း ဗိုလ်ချုပ်အောင်ဆန်းက ကျေးဇူးရှင်ပဲပေါ့၊ အဲ့ဒီတော့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးရှင် မွေးဖွားတဲ့မြို့ဆိုတာကတော့ အင်မတန်မှ ကြီးကျယ်စည်ကား ပြီးတော့ တိုးတက်နေသင့်တာပေါ့နော်၊ အဲ့ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် မတိုးတက်ပေမယ့်လည်း ရှေ့ဆက် ပြီးတော့ တိုးတက်အောင်လုပ်မယ်ဆိုရင် လုပ်လို့ရတာပေါ့၊ ဥပမာ ဒီဒေသရဲ့ ထွက်ကုန်တွေက ဘာတွေရှိလဲ၊ ဒီဒေသမှာ ဘာအလုပ်တွေလုပ်လို့ အဆင်ပြေမလဲဆိုတာကို ဆင်ခြင်သုံးသပ်ပြီးတော့ အဲ့ဒီအလုပ်တွေနဲ့ လိုက်လျော ညီထွေစွာ တည်ဆောက်ကြရမှာပေါ့နော်၊ ဥပမာ ဒီဒေသမှာဆိုရင် ပဲတွေ၊ နှမ်းတွေထွက်တယ်၊ ဝါတွေလည်းထွက် တယ်၊ အဲ့ဒီတော့ ပဲအရောင်းအဝယ်လည်း လုပ်လို့ရတယ်၊ နှမ်းအရောင်းအဝယ်လည်း လုပ်လို့ရတယ်၊ ဒီပဲတွေ ကနေပြီးတော့ ပဲဆီ၊ နှမ်းဆီဆိုပြီးတော့လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လို့ရ တယ်ပေါ့၊ အထူးသဖြင့်တော့ ဒီဝါဂွမ်းလည်းပဲထွက်တဲ့အတွက်ကြောင့် ဒီဒေသမှာ အထည်ရက်လုပ်ငန်း လုပ်ဆောင်လို့ရတာပေါ့နော်၊ ဟိုတစ်ချိန်တုန်းကလည်း ဒီမှာရက်ကန်းစင်တွေ အများကြီးရှိခဲ့တယ်၊ ရက်ကန်းထည်တွေ ထွက်ခဲ့တယ်ပေါ့နော်၊ ဒီဗိုလ်ချုပ်အောင်ဆန်းတို့ အိမ်မှာပေါ့လေ ရက်ကန်းတွေ ရက်ခဲ့သေးတာပဲလေ၊ အဲ့တော့ ဒီမှာဝါအရမ်းထွက် တဲ့အတွက်ကြောင့်မို့လို့ ဒီချည်ထည်လုပ်ငန်းရယ်၊ ရက်ကန်းလုပ်ငန်းရယ်ကို တိုးတက်အောင်လုပ်ဆောင်သင့်တယ် လို့ ဦးဇင်း ထင်တာပေါ့၊ အဲ့ဒီတော့ ရက်ကန်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် လုပ်နိုင်မယ်၊ ဒီကထွက် တဲ့ ဒီရိုးရာရက်ကန်းထည်တွေကိုလည်းပဲ တစ်နိုင်ငံလုံးက အားပေးကြမယ်၊ တကယ်လို့သာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အထည်တွေရက်လုပ်နိုင်မယ်ဆိုရင်လည်း နတ်မောက်ထည်ဆိုပြီးတော့ နာမည်ကြီးမှာပါပဲ၊ ဂန့်ဂေါ်ထည်ဆို ပြီးတော့တောင်မှပဲ အားလုံးကတမြတ်တနိုး ဝတ်ဆင်ကြတယ်လေ၊ အခုဆိုလို့ရှိရင် အမျိုးသားရေးစိတ် ဓါတ်တွေ နိုင်ငံရေးစိတ်ဓါတ်တွေလည်း ထက်သန်လာကြတဲ့အတွက်ကြောင့် ဒီဂန့်ဂေါ်လုံချည်တို့ ဘာတို့ဆိုတာ ဝတ်ဆင်နေကြတာပေါ့၊ အဲ့ဒီတော့ ဒီနတ်မောက်ကလည်းပဲ ဒီရိုးရာအဆင်လေးနဲ့ ရိုးရာရက်ကန်းထည်လေးကို အဆင့်မြင့်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း တမြတ်တနိုးဝတ်ဆင် ကြမှာပဲ၊ နတ်မောင်ထည်လို့ ပြောလိုက်တာနဲ့တပြိုင်နက် နတ်မောက်ဆိုတဲ့ စကားကြားလိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အားလုံးကတွဲပြီးတော့ သတိရကြတာပေါ့၊ အဲ့ဒီတော့ နတ်မောက်ကရက်လုပ်တဲ့ နတ်မောက်ကထွက်တဲ့ ဒီအထည်လေးတွေ ဝတ်ရတယ်ဆိုရင်ပဲ ဗိုလ်ချုပ်ရဲ့စိတ်ဓါတ်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ စိမ့်ဝင်သလိုခံစားရမှာပဲလေ၊ ဒါကြောင့်မို့လို့ ဒီချည်ထည်လုပ်ငန်းနဲ့ ရက်ကန်းထည်လုပ်ငန်းကို အကြီးအ ကျယ်ဖြစ်အောင် လုပ်စေချင်တာပေါ့၊ ဒီမှာပဲ လက်ရက်ကန်းစက်ရုံ၊ လက်ရက်ကန်း လုပ်ငန်းတွေရော စက်ရက် ကန်းလုပ်ငန်းတွေရော ဒီမှာကျယ်ကျယ်ပြန့်ပြန့် တည်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့ အထည်အလိပ်လုပ်ငန်း အထူးအောင်မြင်လာမှာပေါ့။

ကိုကျော်ဇော်ဝင်း။ ။ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ပွဲကို အစတုန်းကဆိုရင် ကျင်းပခွင့်ကလည်း သိပ်ကျင်းပတာလည်း မတွေ့ရဘူးပေါ့ ဘုရား၊ အခုဆိုရင် ဒီနတ်မောက်မြို့မှာ စည်စည်ကားကား ကျင်းပခွင့် ရတဲ့အတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုများ မိန့်ကြားချင်ပါလဲ ဘုရား။

ဆရာတော်။ ။ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ နှစ် ၁ဝဝ ပြည့်ဖို့ဆိုတာတော့ ကြုံဖို့မလွယ်ဘူးပေါ့နော်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁ဝဝ ပြည့်ကို ကြုံတွေ့ခွင့်ရတယ်ဆိုတာ အင်မတန်မှ ဝမ်းမြောက်စရာကောင်းတာပေါ့၊ ဒီလို နှစ် ၁ဝဝ ပြည့်တဲ့အထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေ လွတ်လပ်စွာ ကျင်းပခွင့် ရတာကိုပဲအထူးပဲ ဝမ်းမြောက်စရာကောင်းတာပေါ့၊ အဲ့ဒီတော့ နဂိုတုန်းက ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သိပ်မသိကြသေးတဲ့သူတွေလည်း နှစ် ၁ဝဝ ပြည့်ကိုအကြောင်းပြုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေ စာတွေ သတင်းစာ ဂျာနယ်တွေမှာလည်း ရေးကြတယ်၊ မဂ္ဂဇင်းတွေမှာ ရေးကြတယ်၊ လုံးချင်းစာအုပ်တွေလည်း အများကြီးထွက်တယ်၊ အခုရာပြည့်ပွဲတော်ကြီး ကျင်းပတဲ့အတွက်ကြောင့်လည်း အနယ်နယ်အရပ်ရပ်က ဗိုလ်ချုပ်ကို ချစ်ခင်လေးစားတဲ့သူတွေ လာကြတယ်၊ နဂိုက ဗိုလ်ချုပ်ဆိုတာ ဘာရယ် ညာရယ် အတိအကျမသိတဲ့လူတွေလည်းပဲ မိဘတွေ လူကြီးသူမတွေကနေပြီး ရာပြည့်ပွဲသွားကြမယ်ဆိုပြီး လာကြတယ်ပေါ့၊ လာရင်းနဲ့ လေ့လာပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အများကြီးသိသွားကြတယ်၊ အဲ့ဒီတော့ နိုင်ငံသူ နိုင်ငံသားတွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်း သိကြမယ်ဆိုရင် ဗိုလ်ချုပ်ရဲ့ကြီးကျယ်မြင့်မြတ် တဲ့ စိတ်ဓါတ်တွေ၊ ကြီးကျယ်မြင့်မြတ်တဲ့ လုပ်ရပ်တွေ၊ စိတ်သဘောထား ဖြူစင်မှုတွေ၊ ဉာဏ်ပညာကြီးကျဝ် မှုတွေ နိုင်ငံသူ နိုင်ငံသားအတွက် စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်ခဲ့တဲ့ သဘောတရားလေးတွေကို သိပြီးတော့ ဓါတ်ကူးစက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကို မိတ္တူကူးပြီးတော့ ကိုယ်ကိုတိုင်လည်း ဗိုလ်ချုပ်လောက်ထိ မစွမ်းနိုင်တောင်မှ ကိုယ့်စွမ်းနိုင်သလောက် နိုင်ငံနဲ့လူမျိုးကောင်းရေးကို သက်စွန့်ဆန်ဖျား စိန့်လွှတ်အနစ်နာခံပြီးတော့ ဆောင်ရွက်မယ့် စိတ်ဓါတ်တွေ ကိန်းအောင်လာစေနိုင်တာပေါ့နော်။

ကိုကျော်ဇောဝင်း။ ။အခုနှစ်ပေါင်း ၁ဝဝ ပြည့်တာတောင် နာမည်ကအမြဲတမ်း လူတွေပါးစပ်ဖျား မှာ ပြောနေရတယ်၊ အမှတ်တရပွဲကို ဒီလိုမျိုး ခြိမ့်ခြိမ့်သဲကျင်းပနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာကြောင့် ဒီလိုမျိုးဖြစ်ခဲ့ရတယ်ဆိုတဲ့ဟာလည်း မိန့်ကြားပေးပါဦး ဘုရား။

ဆရာတော်။ ။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်ပုဒ်တွေ အများကြီးရှိတဲ့အထဲက အခြေခံအကျဆုံးနဲ့ အဓိက အကျဆုံး ဂုဏ်ပုဒ်ကတော့ ရိုးသားဖြောင့်မတ်မှုပေါ့နော်၊ အဲ့ဒီတော့ မှန်တာပဲလုပ်ရင် မှန်တာပဲပြောတယ်၊ စိတ်ထဲမှာလည်း အမှန်တရားနဲ့ပဲ တသားတည်းဖြစ်အောင်နေတယ်၊ စိတ်ဓါတ်ကိုကလည်း အမှန်တရားနဲ့ ပြည့် ပြီးတော့ မှန်ကန်နေတာပေါ့နော်၊ အထူးအားဖြင့်တော့ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ ထားရှိတဲ့ကြီးမားလှ တဲ့ မေတ္တာဂရုဏာတရားပေါ့၊ နိုင်ငံသူ နိုင်ငံသားတွေ သူ့ကျွန်ဘဝမှာ ဆင်းရဲဒုက္ခရောက်နေကြာတာတွေ မလိုလား တဲ့အတွက် ဒီဆင်းရဲဒုက္ခတွေလွတ်မြောက်အောင် လွတ်လပ်ရေးကို ဦးဆောင်ပြီးတော့ တည်ဆောက်ပေးနိုင်ခဲ့ တာပေါ့နော်၊ အဲ့ဒီတော့ လွတ်လပ်ရေးကို တည်ဆောက်ပေးခဲ့လို့လည်း အများကချစ်ခင်လေးစားကြတယ်၊ ဒါပေမယ့် လွတ်လပ်ရေးကို တည်ဆောက်တယ်ဆိုတာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပေမယ့် တခြားခေါင်းဆောင်တွေရော နိုင်ငံသူနိုင်ငံသားတွေရော အားလုံးလက်တွဲပြီးတော့ လုပ်ခဲ့ကြတာပါပဲ၊ အဲ့ဒီတော့ အဓိကတော့ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှု နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာထားတဲ့ မေတ္တာတရားပေါ့နော်၊ အင်မတန်မှ မေတ္တာဓါတ်ကြီးမားတဲ့ ပုဂ္ဂိုလ်ပါပဲ၊ မေတ္တာဓါတ်ကြီးမားလို့လည်းပဲ စွန့်လွှတ်အနစ်နာခံပြီးတော့၊ အပင်ပန်းဆင်းရဲခံပြီးတော့ လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တာပေါ့၊ အဲ့ဒီတော့ မေတ္တာဆိုတာက သံလိုက်ဓါတ် နဲ့တူတာပေါ့နော်၊ မေတ္တာဆိုတဲ့ သံလိုက်ဓါတ်ဟာ ဆွဲငင်အားအရမ်း ကောင်းတာပေါ့၊ အဲ့ဒီတော့ ဗိုလ်ချုပ်ရဲ့ နှလုံး သားထဲမှာရှိတဲ့ မေတ္တာဟာလည်း သာမန်မေတ္တာမျိုးမဟုတ်ဘူး၊ တကယ့် ဘုရားအလောင်းတော်တွေမှာရှိ တဲ့ မေတ္တာမျိုး၊ ဦးဇင်း စိတ်ထဲမှာဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘုရားအလောင်းတော်လို့ပဲ ဦးဇင်းစိတ်ထဲမှာ သက်မှတ်ထားတာပေါ့နော်၊ ဗျာဒိတ်ရပြီးသား ဘုရားအလောင်းတောင် ဖြစ်ချင်ဖြစ်နိုင်တာပေါ့၊ အဲ့ဒီတော့ ဘဝသံသရာအဆက်ဆက်က ဆည်းပူးလာခဲ့တဲ့ ကုသိုလ်ပါရမီတော်တွေကြောင့်ရော ဒီဘဝမှာရှိနေတဲ့ ထင်ထင်ရှားရှားလည်း မြင်တွေ့ရတဲ့ မေတ္တာတရားတွေကြောင့်ရော ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်နာမ်ခန္ဓာစဉ်ဟာ တကယ်ပဲ ဆွဲငင်အားကြီးတဲ့ သံလိုက်တုံးကြီးနဲ့တူနေတာပေါ့။

ကိုကျော်ဇောဝင်း။ ။အရှင်ဘုရားကို RFA သတင်းဌါနကနေပြီးတော့ အထူးကျေးဇူးတင် လျှောက်ထား အပ်ပါတယ်ဘုရား။

ဆရာတော်။ ။ကောင်းပါပြီ ဦးဇင်းကလည်းပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁ဝဝ ပြည့်မှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ထင်မြင်ချက်တွေကို ပြောခွင့်ရတဲ့အတွက် RFA ကို ကျေားဇူးအထူးတင်ပါတယ်။