မြေကွက်ကိစ္စ ဝေဖန်တာ ရွေးကောက်ပွဲနီးချိန် NLD ကို တိုက်ခိုက်တာလို့ ပါတီ ဒုဥက္ကဋ္ဌ ပြော

ခင်မောင်စိုး
2020-06-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အစိုးရထိပ်တန်းခေါင်းဆောင်တွေ မြေကွက်ရယူတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပေါ်ပေါက်နေတာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲနီးလာလို့ တိုက်ခိုက်တာလို့ ယူဆကြောင်း NLD ပါတီ ဒုတိယဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။

■ ဝန်ကြီးချုပ်ခင်ဗျ- ခုရက်ပိုင်း နိုင်ငံတော်အကြီးအကဲတွေ၊ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေကို နေပြည်တော်မှာ မြေကွက်တွေဝယ်ယူခွင့်ပြုတဲ့ အတွက် ဝေဖန်မှုတွေ တော်တော်လေး ထွက်ပေါ်နေတယ်။ မျှတ မှန်ကန်တယ်လို့ ထင်ပါလားခင်ဗျာ။

“ ဒီမြေကိစ္စအခုတလော အွန်လိုင်းမှာ ပျံ့နေတာပေါ့နော်၊ ဒါနိုင်ငံရေးအရ NLD အပေါ် ရွေးကောက်ပွဲနီးလို့ တိုက်ခိုက်တာလို့ ယူဆတယ်။ ဦးဇော်ဌေး ဖြေရှင်းပြီးသွားပြီပဲဗျာ။ ဦးဇော်ဌေး သတင်းစာရှင်းပွဲမှာ ပြောသွားတာ အပြည့်အစုံဘဲ၊ အဲဒါကိုပြန်ကြည့်လိုက်ပါ ”


■ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်အဆင့်ရွေးချယ်ရာမှာ အုပ်စုဖွဲ့ ဘက်လိုက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ကြားရပါတယ်။ဒီကိစ္စ ဘာများပြောနိုင်ပါလဲ။

“ အခုလောလောဆယ်အထိ ကျနော့်ဆီ ဒုဥက္ကဌ ၂ ဆိုပြီး သီးသန့်တိုင်တာရှိသလို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုပြီး စာတွေတင်လာတာရှိတယ်။ အဲဒီစာတွေကို ပြန်သုံးသပ်တဲ့အခါကျတော့ ဘက်လိုက်မှုတွေရှိတယ်ဆိုတာကို တွေ့ရတယ်။ အုပ်စုဖွဲ့ ရွေးတယ်လို့ပြောတယ် ၊ မြို့မိမြို့ဖရွေးတဲ့အခါမှာလဲ ကိုယ့်လူကိုယ်ပြန်ရွေးကြတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့အခါမှာလဲ ကိုယ့်လူကိုယ်ပြန်ရွေးကြတယ်ဆိုပြီး တိုင်ကြတာပေါ့နော်။ ကျနော်တို့ကတော့ ဘက်လိုက်မှုကင်းအောင်ပေါ့ဗျာ မြိုမိမြို့ဖလဲ ငါးဦးရွေးပါ။ အဲဒီမှာရှိတဲ့အလုပ်အမှုဆောင်အဖွဲ့နဲ့ပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်ကို ရွေးတာပါ။လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးတယ်ဆိုလဲ မြို့က ကြည်ညိုလေးစားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေ့အကြုံရှိတဲ့လူပေါ့ဗျာ။ ဒါပေမဲ့ စပြီးပြဿနာဖြစ်သွားတာက ဦးအောင်ကြည်ညွှန့်ပေါ့ဗျာ။ အမျိုးသားလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေးက ၄၅ ဦးမှာပါတဲ့ ဦးအောင်ကြည်ညွှန့်က ဦးစားပေး နံပါတ်၂ ဖြစ်သွားတယ်။ ကျနော်တို့က တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေက စိစစ်ရမဲ့အချက်တွေကို မူတည်ပြီးရွေးမယ်။ တခါ ပြည်နယ် နဲ့ တိုင်းက ရွေးတာကို ဇွန် ၃၀ မှာ နောက်ဆုံးထား ဗဟိုကို ပို့ရမယ်။ ဗဟိုရွေးချယ်ရေးအဖွဲ့က ရွေးပြီးမှ ဗဟိုအလုပ်အမှုဆောင်ကို တင်ပြ၊ ဗဟိုအလုပ်အမှုဆောင်က အတည်ပြုပြီးမှ NLD ရဲ့ ကိုယ်စားလှယ်ဖြစ်မှာ ”

■ အခု အမျိုးသားဒီမိုကရေစိီအဖွဲ့ချုပ် တာဝန်ယူတာ ၄ နှစ်ကျော်ရှိလာပြီ ထင်ထင်ရှာရှားအားဖြင့် အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ခဲ့တယ် ပြောနိုင်ပါလဲ။

“ သေချာတာတခုကတော့ လမ်းပန်းဆက်သွယ်ရေး အရင်ကနဲ့ လုံးဝမတူဘူး၊ မန္တလေးတိုးတင်မဟုတ်ဘူး မကွေး စစ်ကိုင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးက အကုန်လုံးနီးပါးကောင်းသွားတာဘဲ လမ်းပန်းဆက်သွယ်ရေးကောင်းသွားပြီဆိုရင် စီးပွားရေးတိုးတက်ဖို့ လမ်းစပဲလေဗျာ။ ၂ ကတော့ လျှပ်စစ်ဓာတ်အား- လျှပ်စစ်က တနိုင်ငံလုံး ၅၀ ရာခိုင်နှုန်းရနေပြီ၊ ၂၀၃၀ မှာ တနိုင်ငံလုံးမီးလင်းရေး ဦးတည်လုပ်နေတယ်။ ကျနော်တို့ မန္တလေးက ၈ဝ ရာခိုင်နှုန်း ရနေတယ်။ အခု၂၀၂၁ မှာ တိုင်းတခုလုံးမီးလင်းရေး ဖော်ဆောင်နိုင်မယ်လို့ ယုံထားတယ်။ နောက်တခုက အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရရှိရေး ဇောက်ချလုပ်တယ်။ အခြေခံပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ ဆောင်ရွက်ပေးနိုင်တယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြနိုင်တာပဲ”


■ မြန်မာနိုင်ငံသားအများစုရဲ့ လူမှုဘဝက လက်ရှိအစိုးရလက်ထက်မှာ အရင်ကထက် သိသိသာသာ တိုးတက်မလာဘူး။ တချို့ဆိုရင် ပိုတောင်ဆိုးလာတယ်လို့ ပြောကြတာတွေ ရှိပါတယ်။ ဝန်ကြီးချုပ် ဘယ်လိုမြင်ပါသလဲ။

“ကျနော့်ဆီမှာ သုတေသနပြုထားတဲ့ အချက်အလက်တချို့ရှိပါတယ်။ တိုးတက်မှုနှုန်းက ကျနော်တို့ အစိုးရတက်လာကတည်းက ပုံမှန်ရှိနေတာပဲ။ ၆ ရာခိုင်နှုန်း နဲ့ ၇ ရာခိုင်နှုန်း အမြဲရှိနေတာပဲ။ ဒီနှစ်တော့ မူလက ၆.၈ ရာခိုင်နှုန်း မှန်းထားပေမယ့် ကိုဗစ်ကြောင့် ကျသွားမယ်ဗျာ။ GDP လည်း နှစ်စဉ်တိုးတက်နေတာပဲ။ ပြည်သူလူထုရဲ့ ဘဝတွေတိုးတက်မလာဖူးဆိုတာ ဘယ်အချက်အလက်ကို ထောက်ပြီးပြောတာလဲ။ ကျနော်တော့ နားမလည်ဘူး။”


■ ခုလာမယ့်ရွေးကောက်ပွဲမှာ NLD ရဲ့ အခြေအနေကို ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

“ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့နေရာတွေ ကျနော်တို့ရဲ့ အမာခံနယ်မြေတချို့ လက်လွှတ်လိုက်ရတာရှိတယ်၊ အဲဒါတွေ ပြန်ပြီးရနိုင်အောင် ဦးတည်ချက်ထားတယ်။ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့ မြို့နယ်တွေရှိတယ် အဲဒီနေရာတွေမှာ စည်းရုံးရေးချဲ့ထားတာရှိပါတယ်။ ၂၀၂၀ မှာ ၂၀၁၅ လိုဘဲ မြို့နယ်တိုင်းကို ပြိုင်မယ် အစိုးရဖွဲ့နိုင်အောင် ကြိုးစားမယ်။ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ယုံကြည်တုန်း ရှိသေးတယ်။ NLD ပေါ်မှာ ပြည်သူက နားလည်မှုပေးနေတုန်းဆိုတာ ကျနော်တို့ သဘောပေါက်တယ်။ ပြည်သူလူထုက NLD ကို အားလိုအားမရဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်ကို သူတို့က ကောင်းကောင်း လိုချင်တယ်။ ပြည်သူလူထုက ပါတီကိုသာမက လွှတ်တော်ကိုယ်စားလှယ်လောင်းကိုလဲ ကြည့်လိမ့်မယ်။ အဲဒီတော့ ကျနော်တို့ကသာ ပြည်သူလူထုနှစ်သက်ပြီး ယုံကြည်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့နိုင်မှာပါ၊ ဒါပေမဲ့ ၂၀၁၅ တုန်းကလို ကျနော်တို့ လွယ်လွယ်ကူကူ မရနိုင်ဘူး။ ကျနော်တို့တော်တော်လေးကြိုးစားရမယ် ညီညွတ်ရမယ်။ ရွေးလိုက်တဲ့ကိုယ်စားလှယ်လောင်းအပေါ် မှာ ကိုယ့်လူမဟုတ်တောင်မှ တက်တက်ကြွကြွနဲ့ အောင်နိုင်ရေးအဖွဲ့တွေက လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ နိုင်ဖို့ များပါတယ်”


■ တိုင်းရင်းသားတွေက ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် ရခိုင်လူထုက လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ချင်ကြတယ်၊ အဲဒီတိုင်းရင်းသားတွေ နဲ့ NLD အစိုးရ ဆက်ဆံရေးကို ဘယ်လိုစဉ်းစားထားလဲခင်ဗျ။

“ ကျနော်တို့ တိုင်းရင်းသားရေးရာ လုပ်ငန်းကော်မတီဖွဲ့တယ်၊ အဲဒီကော်မတီက တိုင်းရင်းသားတွေအသံ နားထောင်မယ်၊ နယ်မြေခံတိုင်းရင်းသားအသံတွေ နားထောင်ပြီး တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို တိတိကျကျသိမှာ၊ ကျနော်တို့ကြိုးစားတဲ့ထဲမှာ ခင်ဗျားပြောတဲ့ကိစ္စလဲ ပါမှာ။ နောက်ပြီး ငြိမ်းချမ်းရေးကိစ္စလဲ NLD က တိုင်းရင်းသားတွေ ဘာလုပ်နိုင်သေးတယ်ဆိုတာေ ဆွးနေုွးဖို့အတွက် သီးသန့်နားထောင်ဖို့ ကော်မတီဖွဲ့တယ်၊ အဲဒီဖြစ်တည်မှုက တစုံတရာ ရနိုင်မှာပါ”

■ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာပြီးရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ကြတယ်ခင်ဗျ။ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင်ပေါ့။ ဝန်ကြီးချုပ်တို့ အစိုးရ မျှော်လင့်သလောက် ဖြစ်ခဲ့ပါလား။

“ အဓိက ကာယကံဖြစ်သူတွေက ငြိမ်းချမ်းရေးကို ဘယ်လောက်ထိ လိုချင်ပါလဲ ဆိုတဲ့အပေါ် မူတည်မယ်ထင်ပါတယ် လက်နက်ကိုင်တွေရော တိုင်းရင်းသားတွေရောပေါ့လေ။ လိုချင်တာချည်းတောင်းနေလို့တော့ မဖြစ်ဘူးထင်ပါတယ်”

■ မြန်မာပြည်မှာ အစိုးရ ၂ ရပ် ရှိနေတယ်လို့ ပြောတာတွေရှိပါတယ်။ လက်ရှိဝန်ကြီးချုပ်တို့ အစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကို ဘာများပြောနိုင်ပါလဲ။

“ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒီလိုဖြစ်ရတာပါ။ ဖွဲ့စည်းပုံကို ပြင်နိုင်ရင် မြန်မာပြည်မှာ အစိုးရ ၂ ရပ် ဖြစ်နေတာ မရှိတော့ဘူးပေါ့၊ ကျနော်တို့ NLD နဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးဆိုတာကတော့ နိုင်ငံရေး စကားဝိုင်းကပဲ အဖြေရှာဖို့ အကောင်းဆုံးအခြေအနေပဲလေ “

■ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတချို့ ရှိပါတယ်။ လက်ရှိအစိုးရက စစ်တပ်ဘက်က ဘက်လိုက်ပြောဆိုနေတယ်လို့ အမြင်ရှိကြတယ်၊ ဝန်ကြီးချုပ် ဘာများသုံးသပ်ပေးနိုင်မလဲ။

“ သူတို့အမြင် သူတို့ လွတ်လပ်စွာ ကွဲနိုင်ပါတယ်။ တကယ်တမ်းလက်တွေ့ အလုပ်လုပ်နေရတာက ကျနော်တို့ခေါင်းဆောင် နဲ့ ဒီမှာရှိနေတဲ့လူတွေ လုပ်နေကြရတာပါ။ ဘယ်သူမှ ဘာမှ ဝေဖန်စရာမရှိဘူး၊ သူတို့စွပ်စွဲတာ တခုမှ မဟုတ်ဘူးလို့ ကျနော်ပြောရဲတယ်”

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့