"အမေ့ကို အရင်လိုပြန်အားပေးကြဖို့ ကမ္ဘာကြီးကို တောင်းဆိုချင်တယ်"

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.06.17
"အမေ့ကို အရင်လိုပြန်အားပေးကြဖို့ ကမ္ဘာကြီးကို တောင်းဆိုချင်တယ်" ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်လေဆိပ်တွင် မြင်တွေ့ရစဉ်။
Photo: AFP

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွတ်လာပြီး မြန်မာ့ဒီမိုကရေစီရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က မွေးနေ့ဆုတောင်းစကားဆိုလိုက်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း မိခင်ဖြစ်သူကို အရင်ကလို ပြန်လည်ထောက်ခံအားပေးကြဖို့လိုတယ်လို့ သူကဆိုပါတယ်။ ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့နဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်ကို RFA သတင်းထောက်စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။
_________

RFA : မနက်ဖြန်ဆိုရင် ကင်မ်ရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရောက်ပြီဆိုတော့ ပထမဆုံး ဘယ်လိုဆုတောင်းစကားပြောချင်ပါသလဲ ...

ကင်မ်အဲရစ် - ကျွန်တော်မေမေ့ကို Happy Birthday လို့ ဆုတောင်းပေးချင်ပါတယ်။ အမြန်ဆုံး ကျွန်တော်တို့ပြန်တွေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။ အမေအမြန်ဆုံးပြန်လွတ်လာပြီး၊ မြန်မာ့ဒီမိုကရေစီပြန်ရရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

RFA - သားအမိနှစ်ယောက် မွေးနေ့အတူတူဖြတ်သန်းဖူးတဲ့ အမှတ်တရလေးတွေရှိရင်လည်းပြောပြပါဦး။

ကင်မ်အဲရစ် - မှတ်မှတ်ရရရှိနေတာကတော့ ကျွန်တော်နောက်ဆုံးတစ်ခေါက် ရန်ကုန်ရောက်တော့ မေမေ့မွေးနေ့ အတူတူဆင်နွှဲခဲ့ဖူးတာပဲ။ သူ့ကိုချစ်တဲ့သူတွေက မွေးနေ့ကိတ်မုန့်ကြီးတွေ ပို့ကြတာ များလွန်းလို့ ကျွန်တော့်တစ်သက်မှာတော့ အဲဒီလောက်များတဲ့ မွေးနေ့ကိတ်တွေ တွေ့ကိုမတွေ့ဖူးဘူး။

RFA - အမေနဲ့ အခုနောက်ပိုင်းရော အဆက်အသွယ်ရပြီလား။

ကင်မ်အဲရစ် - မရပါဘူးဗျာ။ စာလေးတစ်စောင်ရတာကလွဲလို့ ဘာအကြောင်းမှမကြားရဘူး။

RFA - သူ ကျန်းမာရေးရောကောင်းလား။

ကင်မ်အဲရစ် - ကျန်းမာရေးကတော့ သိပ်မကောင်းသေးဘူးလို့ ကျွန်တော်ကြားပါတယ်။ ဒါပေမဲ့ သူနဲ့တစ်ယောက်မှ ဆက်သွယ်လို့မရတော့ ဘယ်လောက်ဆိုးဆိုး ဖြစ်နေလဲဆိုတာ ကျွန်တော်မသိရဘူး။

RFA - အခုသူ့ကို ဘယ်မှာချုပ်ထားလဲ။

ကင်မ်အဲရစ် - ကျွန်တော်သိတာတော့ အခုထိ နေပြည်တော်ထောင်ထဲမှာပဲ၊ သူ့ကိုနေအိမ်အကျယ်ချုပ် ပြောင်းလိုက်ပြီလို့ ပြောနေကြပေမဲ့ ဘာသက်သေအထောက်အထားမှ မပြနိုင်ပါဘူးဗျာ။

RFA - တစ်ချိန်တုန်းက စစ်တပ်နဲ့ ရင်ကြားစေ့ရေးတွေလုပ်ခဲ့လို့ လူတွေကဝေဖန်ခံရတဲ့အထိပါ။ ဒါပေမဲ့ အခုတော့ အဲဒီစစ်တပ်ကပဲ သူ့ကိုထောင်ထဲထည့်ထားတယ်။ စစ်ခေါင်းဆောင်တွေကို ဘာပြောချင်ပါသလဲ။

ကင်မ်အဲရစ် - စစ်တပ်နဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် သူအကောင်းဆုံးလုပ်ပြခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာဟာ စစ်တပ်ကိုထောက်ခံတယ်၊ တိုင်းပြည်အပေါ် စစ်တပ် လုပ်ချင်တိုင်းလုပ်ခဲ့တာတွေ၊ ရိုဟင်ဂျာတွေကို စစ်တပ်လုပ်ခဲ့တာတွေကို ထောက်ခံခဲ့တယ်လို့ ယူဆလို့မရပါဘူး။ စစ်တပ်အနေနဲ့ တိုင်းပြည်ကောင်းစားရေး ရှေ့ဆက်သွားချင်ရင် ကျွန်တော့်အမေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့လိုပါတယ်။

RFA - ဒေါ်စုက အခုဆို ၇၉ နှစ်ပြည့်ပြီ။ သက်ကြီးပိုင်းထဲဆိုတော့ သူပြန်လွတ်လာရင်ရော လုပ်နိုင်ပါ့ဦးမလား။

ကင်မ်အဲရစ် - အသက်အရွယ်လည်းရလာပြီဆိုတော့ အရင်ကထက်နည်းနည်း အေးအေးဆေးဆေးလုပ်ရမဲ့အချိန်ပါ။ ဒါပေမဲ့ တိုင်းပြည်က သူ့ကိုလိုအပ်နေတုန်းပါပဲ။ သူပြန်လွတ်လာတာနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်နိုင်သမျှအကုန် လုပ်ဦးမယ်ထင်တယ်ဗျာ့ ။ အခုဆိုရင် ထောင်ထဲနေရတာကို သုံးနှစ်ခွဲရှိပြီ၊ သူ့အသက် လေးပုံတစ်ပုံလောက်ကို အချုပ်အနှောင်နဲ့နေခဲ့ရတော့ သူ့ကိုပြန်လွှတ်ဖို့ အချိန်တော်တော်တန်နေပြီ။

RFA - သူပြန်လွတ်လာရင် နိုင်ငံရေးကနေ အနားယူပြီး၊ မိသားစုနဲ့ပဲနေစေချင်တဲ့သဘောလား။

ကင်မ်အဲရစ် - နိုင်ငံရေးကနေ အနားယူဖို့ ကျွန်တော်ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ မေမေကနိုင်ငံရေးကနေ အနားယူဦးမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မိသားစုနဲ့ ပြန်နေဖို့ဆိုတာထက် မြန်မာပြည်သူတွေအတွက် သူလုပ်နေတာက ပိုအရေးကြီးပါတယ်။

RFA - တစ်ချိန်က အကြမ်းမဖက်လှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရခဲ့ပါတယ်။ ဒီနေ့တော့ တိုင်းပြည်မှာ တိုက်ပွဲတွေကဖြစ်၊ လက်နက်ကိုင်လမ်းစဉ်ကကြီးလာနေတော့ ဒီအပေါ်မှာ သူ့ရဲ့ရပ်တည်ချက်ဘယ်လိုရှိမယ်ထင်လဲ ...

ကင်မ်အဲရစ် - တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်နေတဲ့အပေါ် သူအရမ်း ယူကျုံးမရဖြစ်နေမှာအမှန်ပဲ။ ဒါပေမဲ့ တိုင်းပြည်ကိုလုပ်ချင်တိုင်းလုပ်ခွင့်မပေးဘဲ ပြန်ခုခံနေတဲ့ ပြည်သူတွေလည်း သူဂုဏ်ယူနေမှာပါ။ လက်နက်ကိုင် ပြန်တိုက်နေရတယ်ဆိုတောင်မှ သူဂုဏ်ယူနေမယ်လို့ ကျွန်တော်မြင်တယ်။

RFA - ဒေါ်စုမွေးနေ့ကို ဆင်နွှဲနေကြတဲ့ မြန်မာတင်မက တစ်ကမ္ဘာလုံးကသူတွေကိုရော ဘာပြောချင်ပါသလဲ။

ကင်မ်အဲရစ် - မြန်မာ့ဒီမိုကရေစီရေးနဲ့ ကျွန်တော့်အမေ ရှေ့ဆက်အလုပ်လုပ်နိုင်ဖို့ တစ်ကမ္ဘာလုံးက ထောက်ခံအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်။ ရိုဟင်ဂျာကိစ္စမှာဆိုရင်လည်း နိုင်ငံခြားမီဒီယာတွေမှာ ဖော်ပြတာထက် တကယ်ဘာတွေဖြစ်နေလဲဆိုတာ မြင်တတ်ဖို့လိုပါတယ်။ ကမ္ဘာကြီးအနေနဲ့ ကျွန်တော့်အမေကို အရင်ကလို ပြန်လည်ထောက်ခံအားပေးကြဖို့ တောင်းဆိုချင်ပါတယ်။

RFA - ဒီနေ့ရော တော်လှန်ရေးမှာ ဘယ်သူနိုင်နေပြီလို့ထင်လဲ။

ကင်မ်အဲရစ် - စစ်ကောင်စီဘက်က ရှုံးနေပြီလို့ ကျွန်တော်မြင်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်တာကို ဘယ်လိုမှလက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြထားပါပြီ။ အချက်အလက်တချို့အရ တိုင်းပြည်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးသမားတွေက ထိန်းထားပါပြီ။ ကျွန်တော့်အမြင်တော့ စစ်တပ်က နောက်ဆုံးပြိုလဲပြီး တော်လှန်ရေးဘက်တော်သားတွေ နိုင်သွားမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။