ခိုထောင်းကျွန်းလူသတ်မှု မြန်မာလုပ်သားနှစ်ဦးကို စတင်စစ်ဆေး

2014-12-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samuei ခရိုင်တရားရုံး မှာ ထိုင်းအစိုးရက စွဲချက်တင်ထားတဲ့ ပုဒ်မ ၇ ခုနဲ့ စတင်စစ်ဆေးခဲ့ပါတယ်။

မနေ့က တရားရုံးမှာ စစ်ဆေးမှုအခြေအနေတွေကို မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့် ကိုRFA သတင်းထောက် မစန်းမော်အောင် ကဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့် နဲ့မေးမြန်းချက်အပြည့်အစုံ

စန်းမော်အောင်။    ။ ဒီနေ့ မြန်မာလူငယ်နှစ်ဦး စစ်ဆေးချက်က ဘယ်လိုရှိလဲဆရာ

ဦးအောင်မျိုးသန့်။ ။ ဒီနေ့ မနက်ပိုင်းတစ်ချိန်နဲ့ ညနေပိုင်းတစ်ချိန် ၂ ချိန်တရားရုံးထိုင်ရပါတယ်၊ ပုဒ်မ ၇ ခုနဲ့စွဲတယ်၊ ဒါကိုဖြေရှင်းဖို့ဆိုပြီးတော့ တရားရုံးကနေ အမိန့်ချပေးတာပါ၊ တရားရုံးကနေပြီးတော့ တရားစွဲခံရတဲ့ ကလေး ၂ ဦးအပေါ် မှာ ပုဒ်မ ၇ ခုနဲ့စွဲတယ်ဆိုတဲ့ အကြောင်းကိုပုဒ်မကို ရှင်းပြတယ်၊ ပြီးရင်ဒီပုဒ်မနဲ့ ပတ်သက်လို့ ကျူးလွန်ခြင်းရှိ၊ မရှိမေး တယ်၊ ညနေပိုင်းမှာတော့ သေဆုံးသူမိဘတွေရဲ့ ရေးတဲ့စာကိုဖတ်ပြတယ် ဒီလောက်ပါပဲ။

စန်းမော်အောင်။    ။ ဒီနေ့ တရားခံ၂ ဦးအဖြစ်စွပ်စွဲခံထားရတဲ့ ကလေး ၂ ဦးကို ဖြောင့်ချက်ကရော ဘယ်လိုရှိလဲ။

ဦးအောင်မျိုးသန့်။ ။ သူတို့ကတော့ ဒီပုဒ်မ ၇ ခုလုံးငြင်းဆိုပါတယ်။

စန်းမော်အောင်။    ။ အဲ့ဒါကို တရားသူကြီးကရော ဘယ်လိုမျိုးပြောကြားမှုတွေရှိလဲရှင့်

ဦးအောင်မျိုးသန့်။ ။ ပုဒ်မတွေကို ငြင်းဆိုတဲ့ အတွက်ကြောင့်မို့လို့ သူတို့နောက်တစ်ပတ် ၂၆ ရက်၊ ၁၂ လ၊ ၂၀၁၄ ခုနှစ် မှာ ရက်ချိန်းပြန်ပေးလိုက်ပါတယ်။

စန်းမော်အောင်။    ။ ဟုတ်ကဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့မိဘတွေရဲ့စာကရော ဘယ်လိုမျိုး အကြောင်းအရာတွေ များဖော်ပြထားလဲရှင့်။

ဦးအောင်မျိုးသန့်။ ။ သူတို့ရဲ့သေဆုံးသူရဲ့ အကြောင်းအရာလေးတွေပါတာနဲ့ သူတို့အသတ်ခံရတဲ့ လူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့ သဘောပါပဲ၊ ဒါပေမယ့် ဖြစ်ရပ်ကလေးနဲ့ ပတ်သက်လို့ကတော့ စွပ်စွဲခံရတဲ့ ကလေး ၂ ယောက်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့နဲနဲလေး ကြားသိရတယ်ဆိုတာစိတ်မကောင်းပါဘူး ဆိုတာလေးပေါ့၊ ဒီလောက်ပဲပါ ပါတယ်။

စန်းမော်အောင်။    ။ မြန်မာလူငယ် ၂ ဦးကိုပုဒ်မ ၇ ခုနဲ့စွဲထားတဲ့ အတွက် ပုဒ်မ ၁ ခု သို့မဟုတ် ၁ ခု နဲ့ငြိစွန်းနိုင် တယ်ပေါ့နော်၊ ပြစ်ဒဏ်ကျခံနိုင်တယ်လို့ပြောကြတယ်ရှင့်၊ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ဘက်ကရော ရှင်းပြပေးပါဦးရှင့်။

ဦးအောင်မျိုးသန့်။ ။ ဒါတွေကတော့ ကျနော်တို့ တရားခွင်မှာ သုံးမယ့်အချက်အလက်တွေပါ၊ တချို့ဟာတွေက ကျနော်တို့ အပြင်ကိုထုတ်ပြောလို့မရတဲ့ အခြေအနေမျိုးရှိပါတယ်၊ ဒါကြောင့်မို့လို့လဲ ကျနော်တို့က ပုဒ်မ ၇ ခုလုံးကို ကလေးတွေနဲ့ ငြင်းတယ်ဆိုတဲ့ စကားပေါ်လာတာပါ၊

စန်းမော်အောင်။    ။ ဒီနေ့ ပထမဆုံးစစ်ဆေးပြီဆိုတော့ အမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ မြန်မာသံရုံးအမှုအထူး အဖွဲ့ကရော ဘယ်လိုကာကွယ်နိုင်မယ့် အချက်တွေပြင်ဆင်ထားလဲရှင့်

ဦးအောင်မျိုးသန့်။ ။ ကျနော်တို့လဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် သက်သေတွေ ကို ကျနော်တို့လိုက်ရှာပါတယ်၊ ဒါတွေလဲမှတ်တမ်းတွေရှိပါတယ်၊ အဲ့တော့ဒါတွေနဲ့ ကျနော်တို့ပြန်လည်ပြီးတော့ ချေပ သွားကြမှာပါ။

စန်းမော်အောင်။    ။ ဟုတ်ကဲ့၊ တရားခံဘက်က လိုက်နိုင်မယ့် သက်သေတွေအားနည်းနေတယ်လို့ပြောပါတယ်၊ ဆရာတို့ဖက်ကရော ဘယ်လိုမျိုးပြောချင်လဲရှင့်

ဦးအောင်မျိုးသန့်။ ။ ကျနော်တို့ အနေနဲ့ကတော့ အမှုနဲ့ ပတ်သက်လို့ရတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင် သက်သေတွေရှာမှာပါ၊ လောလောဆယ်မှာကတော့ ရသင့်တဲ့သူလဲရပြီးပါပြီ၊ ဒါပေမယ့် ကျနော်တို့ပထမဆုံးအနေနဲ့ တရားလိုနဲ့ တရားလိုဘက်က သက်သေတွေရဲ့ တရားရုံးမှာကျနော်တို့ တရားခံတွေအပေါ်မှာ စွပ်စွဲချက်တွေကို ကျနော်တို့အရင်ဆုံးနားထောင်ပြီးတော့မှ ပြန်လည်ပြီးတော့ ခုခံခြေပဖို့ ကျနော်တို့ကနံပါတ် ၁ ကြိုးစားသွားမှာပါ၊ နံပါတ် ၂ ကတော့ ကျနော်တို့ တရားခံစွပ်စွဲခံ တွေကို စွဲချက်တင်ပြီဆိုရင် စွဲချက်နဲ့ ပတ်သက်လို့ တရားခံနဲ့ တရားခံဖက်က သက်သေတွေကို ပြန်စစ်ဖို့အတွက်ကို ကျနော်တို့က တရားခံဖက် သက်သေတွေကို ဆက်လက်ပြီးရှာသွားမှာပါ၊ သက်သေတွေကရှိမှန်း ကျနော်တို့သိထားပါတယ်၊ သို့သော် ထိုင်းနိုင်ငံဖက်မှာ အလုပ်ပြန်လုပ်ချင်တာ၊ နောက်မြန်မာ ဖက်က အာဏာပိုင်တွေနဲ့ မေးတဲ့ ဖြေတဲ့ အလုပ်ကိစ္စတွေကို မလုပ်ချင်ကြတဲ့ အတွက်ကြောင့်မို့လို့ ဒီအမှုက သက်သေတွေက တော်တော်ရှာရခက်နေတာပါ၊ တစ်ကယ်တော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်ကို မြင်တွေ့ သိရှိတဲ့သူရှိတယ်လို့ ကျနော်တို့သိထားပါတယ်။

စန်းမော်အောင်။    ။ DNA ဆိုတာလွဲမှားနိုင်တယ်၊ DNA မှာလဲ သံသယဖြစ်ဖွယ်အချက်တွေ တွေ့တယ်လို့ပြောတယ်ရှင့် ဆရာ့အနေနဲ့ရော ဘာပြောချင်လဲရှင့်

ဦးအောင်မျိုးသန့်။ ။ DNA ဆိုတာလုပ်ထုံး လုပ်နည်းနဲ့ ညီသလား၊ ပြည့်စုံတဲ့ DNA ယူတာမျိုးဟုတ်သလားဆိုတဲ့ အချက်ကို ကျနော်တို့ ဒါကိုပြောပြီးတော့ အရင်ထဲက ဒီအချက်တွေဟာ DNA ယူတာမှားနေတယ် ဆိုတာကျနော် တို့ပြောခဲ့တာပါ၊ ဒါကြောင့်မို့လို့ မျက်မြင်သက်သေမရှိဘူး၊ လုံလောက်တဲ့ DNA မဖြစ်ပဲနဲ့ဆိုရင်တော့ စွပ်စွဲထားတဲ့ ကလေးတွေကို အပြစ်ပေးဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကပေါ်လွင်ထင်ရှားနေပါတယ်။

စန်းမော်အောင်။    ။ အာမခံရရှိအောင် ဆရာတို့ မြန်မာသံရုံးအဖွဲ့ဝင်တွေ ရှေ့နေများကောင်စီကနေ ဘယ်လိုမျိုးကြိုး ပမ်းဖို့ရှိလဲရှင့်

ဦးအောင်မျိုးသန့်။ ။ ကျနော်တို့ကတော့ အစီအစဉ်ရှိပါတယ်ခင်ဗျ၊ မကြာခင်မှာ သံအမတ်ကြီးနဲ့ ဆွေးနွေးပြီးကျနော် တို့ဆောင်ရွက်သွားမှာပါ၊ ထိုင်းဥပဒေကိုက ခိုင်လုံတဲ့ အာမခံရှိလို့ တစ်ကယ်လို့ သူတို့ယုံကြည်လောက်တယ်ဆိုရင် တရားသူကြီးဆင်ခြင်တုံတရားအရ အာမခံပေးလို့ရပါတယ်။

ကွန်မင့်များ (1)
Share

(

1-MYANMAR EXPECT TO SEE A FAIR TRIAL AND JUDGEMENT IN AN ORDERLY MANNER.
2-THIS CASE IS A VERY SMALL TEST CASE IN OUR HISTORY BUT IT IS A GREAT ISSUE BECAUSE IT INVOLVES THREE COUNTRIES SUCH AS THAILAND, MYANMAR AND UNITED KINGDOM.
3-ALL JUDGES, LAWYERS AND LEGAL EXPERTS KNOW THE COURT CASES AND TRIALS AND JUDGEMENTS ARE RIGHT OR WRONG.
4-NEED TO BUILT TRUST ONE NATION TO ANOTHER FOR BETTER UNDERSTANDING AND LIVING PEACEFULLY.

Dec 15, 2014 01:12 PM

ဆိုက်တခုလုံးသို့