တနင်္သာရီနဲ့ လောင်းလုံးမှာ အရပ်သား ၁၁ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.05.24
တနင်္သာရီနဲ့ လောင်းလုံးမှာ အရပ်သား ၁၁ ဦး ဖမ်းဆီးခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် တစ်နေရာအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာ မေလ ၂၂ ရက်နဲ့ ၂၃ ရက်က အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၃ ရက်မှာ လောင်းလုံးမြို့က အရပ်သား လေးဦးနဲ့ မေလ ၂၂ ရက်မှာ တနင်္သာရီမြို့နယ်က အရပ်သား ခုနစ်ဦး ဖမ်းဆီးခံရတာပါ။

လောင်းလုံးမြို့မှာ မေလ ၂၃ ရက်က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ (က) ရပ်ကွက်က အရပ်သား သုံးဦးနဲ့ (ခ) ရပ်ကွက်က အရပ်သား တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နေ့လယ်ဘက်မှာ လဝကရုံး တိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက လိုက်ပြီးရှာဖွေစစ်ဆေးရင်းနဲ့ လဝကရုံးနဲ့နီးတဲ့ (က) ရပ်ကွက်က လင်မယားစုံတွဲနဲ့ လူငယ်တစ်ဦးကိုဖ မ်းသွားတယ်။ နောက်ပြီး ရဲစခန်းနဲ့နီးတဲ့ (ခ) ရပ်ကွက်က အမျိုးသမီးတစ်ဦး အဖမ်းခံရတယ်။ သူတို့ကို အခု လောင်းလုံးရဲစခန်းမှာ ဖမ်းထားတယ်။ ပြန်မလွတ်သေးဘူး”

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် အရွယ်တွေဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးရုံး ပစ်ခိုက်တိုက်ခိုက်ခံရမှုမှာ ဝန်ထမ်းတစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာ မသိရသေးပါဘူး။

မေလ ၂၂ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ပနပ်ငယ်ရွာက အရပ်သားသုံးဦးနဲ့ ကတဲလိပ်ရွာက အရပ်သားလေးဦး စုစုပေါင်း အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရွာတွေအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတာကြောင့် အရပ်သားတွေကို PDF တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီအရပ်သားခုနစ်ဦးကို တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ RFA က မသိရသေးပါဘူး။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် အရပ်သား ၁၈,၃၁၉ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။