ထိုင်းနိုင်ငံအလယ်ပိုင်း Ang Thong ခရိုင်က Thairath Wittaya 6 ကျောင်းမှာ အထောက်အထား မပြနိုင်ဘဲ ပညာသင်ကြားနေတဲ့ မြန်မာတိုင်းရင်းသား ကလေး ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆုံးဖြတ်ချက်ကို ထိုင်းပညာရေး အသိုင်းအဝန်းနဲ့ NGO အဖွဲ့တွေက ရှုတ်ချလိုက်ပါတယ်။
အဲဒီကျောင်းမှာ တိုင်းရင်းသား ကလေးအုပ်စုတစ်စု ကျောင်းလာအပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လဆန်းက တိုင်ကြားစာရခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက ကျောင်းကို ဝင်စစ်ဆေးပြီး ဒီမြန်မာကျောင်းသား ကလေးတွေကို ဖမ်းဆီးခဲ့ပါတယ်။ စကားပြန်ကတစ်ဆင့် မေးမြန်းချက်အရ ဒီကလေးတွေဟာ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံဒေသအနီးမှာရှိတဲ့ အခါရွာက ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးကို ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်မြို့ကနေ မြန်မာပြည်ဘက်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်ပို့ဖို့စီစဉ်ထားပါတယ်။ ဘန်ကောက်ပို့စ်ရဲ့ ဇူလိုင်လ ၇ ရက် ဒီနေ့ သတင်းအရ ဒီကလေးတွေထဲက အယောက် ၃ဝ ကို သူတို့မိဘတွေက လာခေါ်တာကြောင့် နေရပ်ပြန်ပို့ပေးခဲ့ပြီးဖြစ်ပြီး ကျန်တဲ့ကလေးတွေကတော့ ချင်းရိုင်မြို့ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားချင်းလုံခြုံမှုဆိုင်ရာရုံးမှာ မြန်မာပြည်ပြန်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။
ချင်းမိုင်တက္ကသိုလ် ဥပဒေဌာနက လက်ထောက်ကထိက Darunee Paisanpanichkul က ဒီနိုင်ငံမဲ့ ကလေးတွေကို နေရပ်ပြန်ပို့မယ့်အစား အထောက်အထားထုတ်ပေးပြီး ပညာရေးစနစ်မှာ စာရင်းပေးသွင်းသင့်တယ်လို့ ပြောပါတယ်။
ဒီအထောက်အထားမဲ့ ကျောင်းသားတွေကို လက်ခံထားလို့ဆိုပြီး ကျောင်းအုပ်ဆရာ အပါအဝင် ခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။