ကန့်ဘလူ ပုဏ္ဏားကြီးရွာမှာ အရပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပုဏ္ဏားကြီးရွာထဲကို အောက်တိုဘာလ ၂၁ ရက် ဒီကနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်သားတွေ ၀င်ရောက်စီးနင်းပြီး အရပ်သား ၁၅ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကို ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာကြောင့် ထွက်ပြေးချိန်မရသူတွေ ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်ခင်း ငါးနာရီလောက်မှာ ရွာထဲကို ပစ်ဝင်လာတာ။ အဲဒီမှာ ထွက်ပြေးချိန် မရလိုက်တဲ့ ရွာထဲနေတဲ့ ၁၅ ဦးလောက် အဖမ်းခံထားရတာ"

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် မြောက်ဘက်အခြမ်းက စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို လက်နက်နဲ့ ရိက္ခာတွေ ပို့နေတာကြောင့် စစ်ကြောင်းဖြတ်ရာ ရွာဆယ်ရွာက ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ ၁၅ ရက်နီးပါးရှိလာပြီးလို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် တောင်ဘက်အခြမ်းမှာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ - ၃၆၁ ကအင်အား ၃၅၀၊ ကန့်ဘလူ မြောက်ဘက်အခြမ်းမှာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၃၆၃ က အင်အားတစ်ရာနီးပါနဲ့ ချပ်ကြီး၊ ချပ်သင်းရွာဘက်မှာ ပျူစောထီး ပူးပေါင်းအဖွဲ့တွေရှိတယ်လို့ ကန့်ဘလူအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်ကနေ ၂၀ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်ထိခိုက်မှုတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံထားရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၁၉,၆၀၃ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။