မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာက ရွှေတူးဖော်ရေးလုပ်ငန်း အလုပ်သမားတွေနဲ့ ဒေသခံတွေ စုစုပေါင်း ၁၆ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ ဒေသခံတွေက ဇူလိူင်လ ၁၇ ရက်နေ့ ဒီနေ့မှာ RFA ကို ပြောပါတယ်။
ရွှေတွင်းအလုပ်သမားတွေနဲ့ ဒေသခံတွေကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေ ဝင်ဖမ်းသွားတာဖြစ်ပြီး ဖုန်းတွေကိုလည်းသိမ်းသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အရွယ်တွေဖြစ်ပြီး နာမည်တွေကိုတော့ စုံစမ်းနေဆဲပဲလို့ အမည်မဖော်လိုတဲ့ ကျိုက်ထိုမြို့ခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကြောင်းဝင်လာတယ်။ ရွှေတွင်းကိုဆင်းပြီးတော့ ဘက်ဟိုးမောင်းသမားနဲ့ တွင်းသားတွေကိုခေါ်တယ်။ ပြီးတော့ ကားပြန်အထွက် ရွာလမ်းမပေါ်က မြင်သမျှအမျိုးသားတွေကို လာခဲ့ဆိုပြီးဖမ်းသွားတာပါ။ ရွှေတွင်း အလုပ်သမားတွေဆိုရင် အထက်ဘက်က လူတွေဆင်းပြီး လူငှားလာလုပ်နေကြတာ။ နာမည်တွေတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ဖမ်းသွားတာ ဒီနေ့ဆိုရင်လေးရက်ရှိပြီ။ ဘာမှကို အစအန သတင်းမကြားရသေးပါဘူး"
ဖမ်းသွားသူတွေကို ကျိုက်ထိုမြို့နယ်၊ တောင်ကလေးရွာမှာ အခြေစိုက်ထားတဲ့ တပ်မ - ၄၄ နဲ့ ကျိုက်ထိုမြို့မ ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေတယ်ဆိုတာပဲ သိရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ သယံဇာတဝန်ကြီး ဦးအောင်ကြည်သိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၂၃,၈၇၀ ဦးဖမ်းဆီးခံထားရပြီး၊ ၆,၈၄၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။