၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအကြမ်း စက်တင်ဘာလကုန် အပြီးကောက်မည်


2019.06.12
voter-lists-2018-622.jpg ရခိုင်ပြည်နယ် ရသေ့တောင်မြို့ မဲရုံအမှတ်(၂)မှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကြည့်နေသူတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း အကြမ်းကို စက်တင်ဘာလအကုန်မှာ အပြီးကောက်ယူဖို့ စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကော်မရှင်က ပြင်ဆင်ထားမှု အခြေအနေကို မနေ့က နေပြည်တော်မှာ မေးမြန်းရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အခုလို ပြောကြားတာဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လဝက၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဇွန်လကနေ စက်တင်ဘာလအထိ ၃ လတာကာလအတွင်း မဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူသွားမယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေကိုယ်တိုင်က ဥပဒေနဲ့အညီ သန့်သန့်ရှင်းရှင်း ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မဲဆန္ဒရှင်စာရင်းကို ကောက်ယူနိုင်ခြင်း ရှိ၊ မရှိနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်အတွင်းက မြို့နယ် ခုနှစ်ခု၊ ပဲခူးတိုင်းက မြို့နယ် နှစ်ခု၊ မွန်ပြည်နယ်က မြို့နယ် တစ်ခုနဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၇ ခုတို့မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။