စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
2024.12.31

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေနဲ့ ပဋိပက္ခတွေကို ရပ်တန့်သွားမှာမဟုတ်ဘဲ သေကြေ သတ်ဖြတ်မှုတွေ ပိုများလာမှာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ ထောက်ခံပူးပေါင်းတာ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျရောက်တဲ့ နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ပြည်သူလူထုလိုလားတဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့အခြေအနေ မရမချင်း ရွေးကောက်ပွဲကျင်းပရင်လည်း အဖြေထွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေကို ရေးဆွဲပြီး နောက်ကျင်းပမဲ့ ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်တဲ့အကြောင်း နိုင်ငံတကာကို ပြောကြားလိုတယ်လို့ ဒူဝါလရှီးလကပြောပါတယ်။
စစ်တပ်ဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်မှုကို အဆုံးသတ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်သွားဖို့ အသင့်ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
NUG နဲ့ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုမှုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ရပ်တည်ပေးကြဖို့ တိုက်တွန်းတယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒီနေ့ကျရောက်တဲ့ နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်း လေးနှစ်နီးပါးအကြာ တစ်နိုင်ငံလုံး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကပဲ အခုနှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေပြီး အိမ်နီးချင်းနိုင်ငံတချို့ကပါ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့ရှိနေပါတယ်။