ဒီမိုကရေစီနည်းကျ ရွေးခြယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို လက်လွတ်စပယ် ဖမ်းဆီးထောင်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၅ နှစ်တာကာလ ရောက်လာချိန်မှာ မြန်မာပြည်သူလူထုရဲ့ ခါးစည်းခံနေရတဲ့ ဒုက္ခဟာ ပိုပြီး နက်လာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာရာဇဝတ်မှု ကျူးလွန်နေသူတွေက ဥပဒေအထက်မှာ အရေးယူမခံရဘဲ လွတ်လွတ်လပ်လပ် နေခွင့်ရနေဆဲဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလည်း ဆက်ပြီး ချိုးဖောက်နေဆဲပဲလို့ မစ္စတာဂူတားရက်စ်က မြန်မာစစ်အာဏာသိမ်း ၅ နှစ်ပြည့်ချိန်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
မြန်မာနိုင်ငံက တနေ့တခြားဆိုးဝါးလာတဲ့အခြေအနေတွေဟာ ဒေသတွင်းပြဿနာပါဖြစ်လာကြောင်း၊ ပြည်သူ ၅ သန်းကျော်ဟာ ပြည်တွင်းပြည်ပမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတဲ့အတွက်လည်း အထူးစိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ၅ နှစ်တာပြည့်တဲ့ ဖေဖော်ရီ ၁ ရက်နေ့မှာပဲ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ သြစတေးလျ၊ ဆွစ်ဇာလန်၊ ဒိန်းမတ် စတဲ့ နိုင်ငံတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး အာဏာသိမ်း လုပ်ရပ်ကြောင့် တိုင်းပြည် အခြေအနေဆိုးထဲကို ရောက်ရှိသွားတာကို ဝေဖန်ထောက်ပြခဲ့ကြသလို တဖက်မှာလည်း စစ်ကော်မရှင်ရွေးကောက်ပွဲဟာ အနှစ်သာရမဲ့တဲ့ ရွေးကောက်ပွဲသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသလို ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရဲ့သက်ဆိုင်ရာ ဘက်ပေါင်းစုံပါတဲ့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းဖို့ တိုက်တွန်းကြတာတွေ့ရပါတယ်။
ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အိဗက်ကူးပါး (Yvette Cooper) က စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာပြည်ဟာ နက်သထက်နက်လာတဲ့ ပဋိပက္ခကြီးနဲ့ ရင်ဆိုင်နေရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဟာ ပြည်သူ့ဆန္ဒကို ချိုးဖျက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်ကို ဖျက်ဆီးခဲ့တာပဲ ဖေဖော်ဝါရီ ၁ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ပြောကြားထားပါတယ်။ မြန်မာဟာ ၅ နှစ်အတွင်း ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာ ကပ်သင့်ရာနေရာကြီးတစ်ခုဖြစ်လာခဲ့တယ်လို့လည်း မစ္စတာကူးပါးက ပြောပါတယ်။
အလားတူ ကနေဒါနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေ။ ဆေးရုံတွေ ကျောင်းတွေ အပေါ် လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေကို ဝေဖန်ရှုံ့ချလိုက်ပြီး မကြာခင်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာလည်း တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် နိုင်ငံတကာစံနှုန်းနဲ့ လုံးဝမကိုက်ညီကြောင်း၊ ပြည်သူအများစုမပါတဲ့အတွက် ပြည်သူ့ဆန္ဒလို့ သတ်မှတ်လို့မရကြောင်း ထောက်ပြပါတယ်။
အလားတူ သြစတေလျနဲ့ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း စစ်အာဏာသိမ်း ၅ နှစ်ပြည့် ကြေ့ညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ့်ပြည်သူတွေအပေါ် ကိုယ့်တပ်က ပြန်ကျူးလွန်နေတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအကြား ကျင်းပခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မကြာခင်က ရွေးကောက်ပွဲဟာ အဓိပ္ပာယ်အနှစ်သာရပြည့်ဝတဲ့ အတိုက်အခံ ပါတီတွေ ပါဝင်မှုမရှိခဲ့တဲ့အပြင် လွတ်လပ်၊ တရားမျှတပြီး အားလုံးတန်းတူပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းက ပြောပါတယ်။ သြစတေးလျနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများအဖွဲ့ရဲ့ အချက် ၅ ချက်ပါ ဘုံသဘောထားကို ဆက်ပြီး အားပေးထောက်ခံသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့တကွ ရပ်တည်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံကတော့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ဒရုန်းတိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့၊ နိုင်ငံတကာ အကူအညီတွေ အတားအဆီး မရှိဝင်ရောက်ခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးဖို့ မြန်မာစစ်ကော်မရှင်ကို တောင်းဆိုထားပါတယ်။
