တန့်ဆည်မှာ စစ်တပ်က ဗုံးကြဲတာကြောင့် ၁၁ ဦးထက်မနည်း ဒဏ်ရာရ

ကံထူးမရွာဈေး တဝိုက်နေရာကို ဂျက်တိုက်လေယာဉ် လေးစင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာဈေး တဝိုက်ကို စစ်တပ်က ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံး ကြဲခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့နဲ့ အရပ်သားတွေအပါအဝင် ၁၁ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဧပြီ ၂၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကနေ ၃ နာရီလောက်အထိ ကံထူးမရွာဈေး တဝိုက်နေရာကို ဂျက်တိုက်လေယာဉ် လေးစင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဈေး အရောင်းအဝယ် ပြုလုပ်နေကြတဲ့ အရပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေ အထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ပါနေတာကြောင့် နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ တန်ဆည် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒဏ်ရာပြင်းထန်တဲ့ သူကတော့ လက်ရှိအထိ လေးဦးပေါ့နော်။ ကျောကုန်းကို ဗုံးစဝင်တဲ့သူတို့ ဦးခေါင်းမှာ စိုက်ဝင်တဲ့သူတွေကြတော့ နည်းနည်းစောင့်ကြည့်နေရတာပေါ့။ ကျားလား မလားကတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး။ ဆေးကုသမှုတွေကိုလည်း အကုန်လုပ်ပေးနေပါတယ်။ ဒေသခံတွေလည်း လေကြောင်းကိုနားစွင့်ပြီး နေနေကြရတာပေါ့၊ တချို့တွေလည်း တဲတိုက်တွေ ပြန်နေကြတာရှိတယ်”

ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်တွေကိုတော့ နောက်ဆက်တွဲ ဆေးကုသမှုတွေ လုပ်ဖို့ရှိတာကြောင့် လုံခြုံရေးအခြေအနေအရ ထုတ်ဖော်မပြောဆိုပါဘူး။

စစ်တပ်က ကံထူးမရွာကို မကြာခဏ လေကြောင်း တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ဒီလထဲမှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ကံထူးမရွာက တိုက်နယ်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ကံထူးမရွာကိုပါ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။