ဒုဗိုလ်ချုပ်ကြီးထွန်းဝင်း လေတပ် ဦးစီးချုပ်ဖြစ်လာ

ကာချုပ်အသစ်လက်ထက် ပထမဆုံးခန့်အပ်ခံရတဲ့ လေတပ်အကြီးအကဲဖြစ်။

အာဏာသိမ်း စစ်တပ်ရဲ့ လစ်လပ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းကို ခန့်အပ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး စစ်ဘက်နဲ့ လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) က ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် ရဲ့ စစ်တပ်ခန့် အစိုးရ ကာကွယ်ရေးဝန်ကြီးအဖြစ် ဧပြီလ ၁၀ ရက်နေ့မှာ ခန့်အပ်ခဲ့အပြီး လစ်လပ်သွားတဲ့ နေရာကို အခုလို အစားထုတ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းက စစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ ပထမဆုံး ခန့်အပ်တဲ့ လေတပ်အကြီးအကဲ ဖြစ်လာပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ လျော့ကျသွားမှာမဟုတ်ဘူးလို့ MDSI ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုး က RFA ကို ပြောပါတယ်။

“သူက လေတပ်ဖိုက်တာအုပ်ကနေ လာတဲ့သူမဟုတ်ဘူး အုပ်ချုပ်ရေးဌာနပိုင်းကနေ လာတဲ့သူလို့ အကြမ်းဖျင်း သိရတယ်။ လေတပ်ကတော့ လက်ရှိ စစ်ဆင်ရေးတွေ၊ နိုင်ငံအနှံ့ဗုံးကြဲတိုက်ခိုက်မှုတွေ ပြည်သူကို ခြိမ်းခြောက် နေတဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေမှာ အဓိက တာဝန်ရှိတဲ့အဖွဲ့အစည်းပေါ့ဗျာ ဒီအဖွဲ့အစည်းကို ပဲ့ကိုင်ရမဲ့သူ ပေါ့။ သူက အထက်က တာဝန်ပေးစေခိုင်းတဲ့အတိုင်း တသွေမတိမ်း အတိအကျ လိုက်နာဆောင်ရွက်တဲ့သူ လို့လည်း သိရတယ်။ ဒါကြောင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေက လျော့ကျမသွားနိုင်ဘူး ပိုပြီးတော့ပဲ မြင့်တက် များပြားနေဦးမဲ့ အနေအထားလို့ ပြောရမယ်”

စစ်တက္ကသိုလ် အပတ်စဉ်-၃၄ (DSA-34) ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ရာထူးကနေ စစ်ဦးစီးရာရှိချုပ် (လေ) အဖြစ် ခန့်အပ်ခံရပြီးနောက် ခြောက်လ အတွင်းမှာပဲ အခုလို လေတပ်ရဲ့ ထိပ်ဆုံး အကြီးအကဲ ဖြစ်လာတာပါ။

လက်ရှိမှာ လေတပ်ရဲ့ တိုက်ခိုက်မှုပုံစံတွေ ပြောင်းလဲလာပြီး ယခင်ပုံစံအတိုင်း ဂျက်တိုက်လေယာဉ် တစ်စီးတည်းနဲ့ ဗုံးကြဲတာအပြင် ဂျက်တိုက်လေယာဉ် သုံးစီး၊ လေးစီး စသဖြင့် အုပ်စုဖွဲ့ပြီး ဗုံးကြဲတိုက်ခိုက်လာတာကြောင့် ပြည်သူလူထုတွေအနေနဲ့ ဂရုပြုကြဖို့ CDM စစ်သားတွေက သတိပေးပါတယ်။

ပြည်သူလူထုကို လေကြောင်းကနေ ဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ရေး စစ်တပ်ကို လေယာဉ်ဆီ ဖြတ်တောက်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း ၅၈ ဖွဲ့ရဲ့ ဧပြီလ ၂၁ တစ်ရက် ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦးသေဆုံးခဲ့ပါတယ်။