မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ တိုင်ချန်းငွေလိမ်ဂိုဏ်းနဲ့ပတ်သက်လို့ သတင်းပေးတဲ့သူကို ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံတကာမူးယစ်ဆေးဝါးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရိုက ဧပြီလ ၂၃ ရက်မနက်မှာ ကြေညာလိုက်ပါတယ်။
တိုင်ချန်းအဖွဲ့ကို ကျောက်ခတ်ကာစီနို ဒါမှမဟုတ် ကိုစိုင်းလို့ခေါ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပြီး တည်နေရာကိုသြဒိနိတ်တွေလည်းပေးထားပါတယ်။
အခု ဆုကြေးငွေထုတ်တာဟာ အမေရိကန်တရားမျှတမှုဆိုင်ရာဝန်ကြီးဌာနရဲ့ ‘ငွေလိမ်ဂိုဏ်းဌာနချုပ်များ တိုက်ဖျက်ရေးအဖွဲ့’ (Scam Center Strike Force) ကိုကူညီပံ့ပိုးတဲ့အနေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်း များဆိုင်ရာဆုကြေးငွေအစီအစဉ် (TOCRP) အရဖြစ်တယ်လို့လည်းဆိုပါတယ်။
တိုင်ချန်းအဖွဲ့ဟာ ခရစ်ပ်တိုငွေကြေးနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံအောင်လိမ်လည်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အရှေ့တောင်အာရှမှာအခြေစိုက်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို ပိုပြီးပစ်မှတ်ထားလာနေတယ်လို့ဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ အမေရိကန် နိုင်ငံသားတွေအလိမ်ခံရတဲ့ငွေပေါင်း သန်း ခုနှစ်ထောင့်နှစ်ရာလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။
တိုင်ချန်းငွေလိမ်ဂိုဏ်းနဲ့ပတ်သက်လို့ သတင်းပေးမယ်ဆိုရင် FBI ကို TaiChangTIPS@fbi.gov အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်နိုင်သလို၊ ကိုယ်ရှိနေတဲ့နိုင်ငံက အမေရိကန်သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးကိုဆက်သွယ် နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
