ဧပြီလ ၁၂ ရက်နေ့က ရွာလုံးကျွတ်နီးပါးမီးလောင်ပြာကျသွားတဲ့ မကွေးတိုင်း၊ ပခုက္ကူလေယာဉ်ကွင်းနားက မြောက်လူးကန်ရွာသားတွေအကူအညီလိုနေကြပါတယ်။
မီးမလောင်ခင်ကတည်းက စစ်တပ်ရဲ့အန္တရာယ်ကြောင့်ပခုက္ကူမြို့ပေါ်မှာသွားပြီး ရှောင်တိမ်းနေရတဲ့ မြောက်လူးကန်ရွာသားတစ်ယောက်က သူ့အိမ်မီးထဲပါသွားတဲ့အကြောင်း RFA ကိုပြောပါတယ်။
" ကျွန်တော့်အိမ်ကတော့ တောင်သူအိမ်ဆိုတော့ နွားစာတိုက်နှစ်တိုက်၊ နွားတဲပေါ့။ အပေါ်ကနွားစာ ထားတယ်၊ အောက်ကနွားထားတယ်။ အဲဒါကနှစ်တို က်။ လူနေအိမ်ကတိုက်တစ်လုံး။ အကုန်ပါတာပဲ။ အခုပေါက်ဈေးနဲ့ဆို သိန်းထောင်ချီမှာပေါ့”
မြောက်လူးကန်ရွာဟာ လေကွင်းနဲ့တစ်မိုင်ဝန်းကျင်ပဲဝေးပြီး အိမ်ခြေ ငါးရာလောက်ရှိတဲ့အထဲက ၄၅၀ လောက် ပျက်စီးသွားတာပါ။ ရွာထဲမှာ ၂၀၂၄ ခုနှစ်လောက်ကတည်းက စစ်ကောင်စီတပ်ကတပ်စွဲထားပါတယ်။
“ အထဲမှာ စစ်တပ်ကတပ်စွဲထားတော့ ရွာထဲမှာမနေကြဘူး။ တောထဲမှာ ထန်းဖလက်တဲတွေထိုးပြီးနေကြ တယ်”
ရွာသားတချို့ကတော့ ဒီမီးဟာစစ်တပ်ကရှို့တာမဟုတ်ပဲ တောမီးရှို့တာကနေကူးပြီး မထိမ်းနိုင်လို့လောင်သွားတာလို့ပြောကြပါတယ်။
ဒါပေမဲ့ မြောက်လူးကန်ရွာဟာ အရင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုအမာခံထောက်ခံအားပေးတဲ့ရွာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတာကိုမလိုလားတဲ့ရွာလို့ ပြောကြပါတယ်။ ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပါတယ်။
နောက်တချက်က ရွာနဲ့တစ်မိုင်ကျော်ပဲဝေးတဲ့နေရာမှာ ပခုက္ကူလေဆိပ်ရှိပြီး စစ်ကော် မရှင်တပ်ကအဲဒီလေဆိပ်ကိုသုံးဖို့ ၂၀၂၄ ခုနှစ်ကတည်းကပြုပြင်နေပါတယ်။
ဒီလိုအခြေအနေမှာ တောမီးလောင်တယ်ဆိုတာဖြစ်လာသလို၊ ရွာနဲ့ဆယ်မိနစ်ကျော်ပဲဝေးတဲ့ စစ်ကော်မရှင်လက်အောက်ခံ ပခုက္ကူခရိုင်မီးသတ်ကရောက်မလာခဲ့ပါဘူး။
ဒီအချက်တွေကြောင့် တောမီးကြောင့်ရွာလုံးကျွတ်နီးပါးပြာကျသွားတယ်ဆိုတာကို သံသယရှိနေကြတဲ့သူတွေလည်းရှိပါတယ်။
“တောမီးလောင်တယ်ဆိုရင်တော့ သူတို့ (စစ်တပ်) လည်းရှိနေတာပဲ။ မီးသတ်ကိုခေါ်ငြှိမ်းခိုင်းမယ်ဆို ငြှိမ်းခိုင်းလို့ရတယ်ဗျာ။ ဒီမှာရှောင်နေပြည်သူတွေငြှိမ်းမှာကို အငြှိမ်းခံလိုက်လို့ရှိရင်လည်း ဒီလောက်ကြီး လောင်စရာမရှိဘူးလို့ထင်တယ်။ ကျွန်မတို့ မြောက်လူးကန်နဲ့ ပခုက္ကူဆိုတာက ကားမောင်းရင် ဆယ်မိနစ်လောက်ပဲမောင်းရတာဗျာ။ ပခုက္ကူခရိုင် မီးသတ်စခန်းနဲ့ ၁၅ မိနစ်လောက်ပဲဝေးတဲ့နေရာတောင်မှ လာမငြှိမ်းဘူးဆိုကတည်းက စစ်တပ်ကရှို့လို့ပဲလာမငြှိမ်းတာလို့ ပြည်သူတွေကမှတ်ချက်ပေးကြတယ်”
ပခုက္ကူမီးသတ်တပ်ဖွဲ့ဝန်ထမ်းတစ်ဦးကတော့ မြောက်လူကန်းရွာမီးလောင်တဲ့အချိန်မှာ အရာရှိတွေအချင်းချင်း ပဲဆက်သွယ်ပြောဆိုတာရှိတယ်လို့ RFA ကိုပြောပါတယ်။ ရွာသားတွေကိုယ်တိုင် မီးသတ်ရုံးကိုလာပြောကြပေမယ့် မြို့ပေါ်မှာမဟုတ်ပဲ ရွာဘက်ဖြစ်နေတာကြောင့် လုံခြုံရေးအရမသွားလိုက်ရဘူးလို့ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အရင်စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့က ပြောခွင့်ရသူကို RFA ကတယ်လီဖုန်းဆက်ပေမဲ့လက်ခံဖြေဆိုတဲ့သူမရှိပါဘူး။
စစ်ကော်မရှင်မှာ နည်းပရိယာယ်တွေများတယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီး ဇင်ယော်က RFA ကိုပြောပါတယ်။
“တောမီးဆိုတာကလည်း ပြောရရင်တော့ရှို့တဲ့မီးပေါ့။ တကယ်တမ်းရှို့တယ် လောင်တယ်ဆိုရင် မီးသတ်ကားတော့ သူတို့ကလာပြီးငြှိမ်းပေးရမယ်။ အဲတော့လောင်စေချင်တဲ့သဘောရှိတာတော့သေချာတယ်။ တောကနေမှတဆင့်လောင်သွားတယ်ပေါ့။ ဒါပေမဲ့ ဒီလိုရွာကို မီးလောင်စေအောင်လုပ်လေ့လုပ်ထအကျင့်နဲ့လုပ်တာကတော့ စစ်တပ်ကပဲလုပ်လေ့လုပ်ထရှိတယ်။ ပြီးရင်လည်း သူတို့ ဒီလေဆိပ်လုံခြုံရေးအတွက်ပေါ့နော်။ ဒီရွာကို အခြေပြုပြီးတော့မှ ဒေသခံတော်လှန်ရေးတပ်တွေအခြေပြုမှာစိုးလို့ ရှင်းလင်းရေးလုပ်တယ်လို့ပဲ ကျွန်တော်ကမြင်ပါတယ်ဗျ”
တော်လှန်ရေးအားကောင်းတဲ့ ပေါက်၊ မြိုင်၊ ရေစကြို၊ ထီးလင်းနဲ့ ဆောဒေသတွေကို လေကြောင်းကနေစစ်ဆင် ရေးလုပ်နိုင်ဖို့ ပခုက္ကူလေဆိပ်ကိုပြင်ဆင်နေတာလို့လည်း သူက သုံးသပ်ပါတယ်။
အရင်က ဆီစက်၊ ဆန်စက်လုပ်ငန်းတွေ၊ တောင်ယာလုပ်ငန်းတွေနဲ့ထူထူထောင်ထောင်ရှိခဲ့တဲ့ မြောက်လူးကန်ရွာ သားတွေဟာ အခုတော့ စစ်ဘေးရောမီးဘေးပါခံရတဲ့ ဒုက္ခသည်ဘဝနဲ့ ပြန်လည်ထူထောင်ဖို့ခက်နေကြပါတယ်။
