ဆိပ်ဖြူမှာ စစ်ကြောင်းထိုး၊ ရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရ

ကစပ-၂၁ အခြေစိုက် အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းက တိုက်ပွဲမရှိဘဲ ရုတ်တရက် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ဟုဆို။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဇီးဖြူကောင်းရွာနဲ့ ရေပုတ်ရွာတို့ကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့လို့ နှစ်ရွာပေါင်းက နေအိမ် တစ်ရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကစပ-၂၁ ကနေ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ရုတ်တရက်ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဇီးဖြူကောင်းရွာက နေအိမ် ၈၀ ခန့်နဲ့ ရေပုတ်ရွာက အိမ်ခြေ ၂၀ ခန့် မီးလောင်ပျက်စီးပြီး လူငါးရာလောက် မီးဘေးသင့်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရုတ်တရက်ဝင်လာတယ် ဝင်လာပြီး မီးရှို့ပြီး ပြန်ထွက်သွားတာ။ အကုန်လုံး ဘာမှလုပ်ချိန် မရ လိုက်ဘူး နွေရာသီ တကယ်ကို အပူရှိန်မြင့်နေတဲ့အချိန်မှာ ကပ်လို့မရ ဖြစ်တာပေါ့။ တောဆိုတော့ မီးသတ်ကားလည်းမရှိ ဘာမရှိ။ မီးလောင်တာကို ဒီအတိုင်းပဲ ရပ်ကြည့်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဘာမှ သယ်ချိန်မရလိုက်ဘူး”

ဧပြီလ ၂၆ ရက်နေ့မှာလည်း ကပစ-၂၂ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ သူက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းက ဆော-ဆိပ်ဖြူ လမ်းပိုင်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ် ၁၂၅,၀၀၀ ကျော် (၁၂၅,၃၂၈ လုံး ) မီးရှို့ဖျက်ဆီးခံခဲ့ ရတယ်လို့ Data for Myanmar အဖွဲ့က ဧပြီလ ၂ နေ့မှာ ထုတ်ပြန်ထားပါတယ်။