မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာတချို့ကို စစ်တပ်က ဧပြီလ ၂၅ ရက်နေ့က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာမှာ ကိုရင်တစ်ပါးအပါအဝင် သုံးဦး သေဆုံးခဲ့ရပြီး ရွာတစ်ရွာဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
အဲဒီနေ့က ရေလည်ကျွန်းဒေသက ငတရော်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ညောင်ပင်ရွာကို စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ရေလည်ကျွန်းဒေသ ငတရော်ရွာကို စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ အထိုင်ချနေတဲ့ မင်းရွာကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင် ရဲဘော်ကိုဝေကြီးက RFA ကို ပြောပါတယ်။
“ဒရုန်းနဲ့ကျတာ ကိုရင်လေးအပါအဝင် သုံးယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ စစ်ကြောင်းထိုး ရွာလုံးကျွတ် မီးရှို့ခံရတာက ညောင်ပင်ရွာဗျ။”
ပခုက္ကူနဲ့ ရေစကြိုမြို့နယ်အစပ်က ညောင်ပင်ရွာကို ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား သုံးရာခန့် စစ်ကြောင်း ထိုးခဲ့ပြီး အဲရွာအနီးမှာ ဒေသအခြေစိုက် ကာကွယ်ရေတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အဲဒီလို ဖြစ်ပြီးနောက် စစ်တပ်က အိမ်ခြေ တစ်ရာခန့်ရှိတဲ့
ညောင်ပင်ရွာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ဆယ်လုံးခန့်သာ ကျန်ရှိတော့တယ်လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ နိုင်ငံတစ်ဝန်းက မြို့ခြောက်ဆယ်ထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ရေစကြိုမြို့နယ်လည်း ပါဝင်နေပြီး စစ်ရေးအရ ဖိအားပေး စစ်ကြောင်းထိုးတာတွေ ရှိလာနေတယ်လို့ ပြောပါတယ်။
