မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု EU တစ်နှစ်သက်တမ်းတိုး

အာဏာသိမ်းချိန်ကနေ ယနေ့အထိ မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေအ ပေါ် ဆက်ပြီး အပြင်းအထန်ဆုံး ဝေဖန်ရှုံ့ ချ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်အာဏာပိုင်တွေကို ဖိအားဆက်ပေးနိုင်ဖို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူတာကို ဥရောပသမဂ္ဂ (EU) က နောက်နှစ် ၂၀၂၇ မေလအထိ ဧပြီ ၂၇ ရက်နေ့က တစ်နှစ်သက်တမ်း တိုးလိုက်ပါတယ်။

အာဏာသိမ်းအပြီး ငါးနှစ်အကြာမှာ အခုလို နောက်ထပ်သက်တမ်း တစ်နှစ်ဆက်တိုးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက အဖွဲ့အစည်း ၂၂ ခုနဲ့ နိုင်ငံသား ၁၀၅ ဦးကို ဥရောပသမဂ္ဂနိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှု ဘဏ္ဍာတွေ ထိန်းချုပ်တာ၊ ခရီးသွားလာမှုပိတ်ပင်တာနဲ့ လက်နက်ရောင်းချမှုပိတ်ပင်တာတွေ ပါဝင်ပါတယ်။

EU က အရေးယူထားတဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးများ၊ တရားရေးအဖွဲ့ဝင်များ နဲ့ ကြည်း၊ရေ၊လေ စစ်ဗိုလ်ချုပ်များ၊ စစ်တပ်ထောက်ခံတဲ့ စီးပွားရေးသမားတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

စီပွားရေးပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း ၂၂ ခုထဲမှာ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင် နဲ့ စစ်တပ်ထိန်းချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ် ကြည်း ရေ လေတပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

ဒီအရေးယူပိတ်ဆို့မှုတွေကို ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းအပြီးနဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲခဲ့အပြီး ဥရောပသမဂ္ဂက ပထမဆုံး အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ၂၀၂၁ အာဏာသိမ်းအပြီး အခုအချိန်အထိ မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် ဆက်ပြီး အပြင်းအထန်ဆုံး ဝေဖန်ရှုံ့ ချတယ်ဆိုတာ ထပ်လောင်း ပြောကြား လိုကြောင်း၊ ဒီအထဲမှာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်မှုတွေနဲ့ ပြည်သူပြည်သားတွေရဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ပိတ်ပင်တာတွေ ပါဝင်ကြောင်း ဥရောပသမဂ္ဂ ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုပိတ်ဆို့မှုသက်တမ်းတိုးတဲ့အကြောင်း ထုတ်ပြန်ကြေညာချက်မှာ အကြမ်းဖက်မှု အားလုံး အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွတ်ဖို့လည်း တောင်းဆိုထားပြီး မြန်မာနိုင်ငံက စစ်တပ်ခန့် အစိုးရသစ်ကို တိုက်ရိုက်ငွေကြေးအကူအညီပေးတာ ရပ်ဆိုင်းထားသလို မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို တရားဝင်မှုပေးနိုင်တဲ့ အကူညီမျိုးကိုလည်း ရပ်တန့်ထားပါတယ်။