နိုင်ငံရေးနဲ့ သုတရသစာပေတွေကိုရေးသားတဲ့ သတင်းစာအယ်ဒီတာ အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့် ကို စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဧပြီလ ၂၃ နေ့က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
သူ့စာအုပ်တွေကို အမျိုးသမီးတစ်ယောက်က လူမှုကွန်ရက် Tiktok မှာ ရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဧပြီလ ၂၃ နေ့ မနက် ၂ နာရီလောက်မှာ ရန်ကုန်တိုင်း သန်လျင်မြို့က အိမ်မှာဖမ်းသွားတာလို့ ဆရာဦးတင်ညွန့်နဲ့နီးစပ်တဲ့ စာပေလောကသားတစ်ဦးက RFA ကို ပြောပါတယ်။
“ အမျိုးသမီးတစ်ဦးက Tiktok မှာ ဆရာစာအုပ်တွေတင်ရောင်းတယ်။ သူက အွန်လိုင်းမှာ လိုင်စင်မရှိဘဲရောင်းလို့ဆိုပြီး ရောင်းတဲ့ အဲဒီအမျိုးသမီးကိုလည်းဖမ်းတယ်။ အဲဒီစာအုပ်တွေကို ထုတ်ဝေခဲ့တဲ့ ဆရာကြီးဦးတင်ညွန့်ရဲ့သားကိုလည်းဖမ်းသွားတယ်။ ဆရာဦးတင်ညွန့်ကောဆို သုံးယောက်ဖမ်းခံလိုက်ရတာပေါ့၊ အခုနောက်ဆုံးကြားရတာကတော့ စာအုပ်ရောင်းတဲ့ အမျိုးသမီးဖြစ်သူ မရီရီက သာကေတရဲစခန်းမှာ ဖမ်းဆီးခံထားရပြီး ဆရာကြီးနဲ့ သူ့သားကတော့ သန်လျင်ရဲစခန်းမှာလို့ ပြောပါတယ် ”
အဖမ်းခံထားရတဲ့ မရီရီ လူမှုကွန်ရက် Tiktok မှာ တင်ရောင်းခဲ့တဲ့စာအုပ်တွေကတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာရေးသားထုတ်ဝေခဲ့တဲ့ ဆရာဦးတင်ညွန့်ရဲ့ “ခွေးထိန်းငတာ“၊ “ဗိုလ်ချုပ်တွေ ကျွန်တော့်ကိုညာခဲ့သည်" နဲ့ “ဦးသန်းရွှေ၏ ယတြာများ" စာအုပ်တို့ဖြစ်ပါတယ်။
စစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံထားရတဲ့ ဆရာဦးတင်ညွန့်ဟာ ကျောင်းဆရာဟောင်းနဲ့ သတင်းစာအယ်ဒီတာတစ်ဦးဖြစ်ခဲ့သလို “ရိုးမပေါ်မှာကျတဲ့ မျက်ရည်" ဝတ္ထုရှည်နဲ့ လူသိများထင်ရှားပြီး နိုင်ငံရေး၊ ရသနဲ့ သုတစာပေတို့အပါအဝင် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားထားသလို၊ ဒီစာအုပ်တွေနဲ့ပတ်သက်လို့ လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုတို့ကို ရရှိထားသူဖြစ်ပါတယ်။
အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနက ကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ အမျိုးသားစာပေဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
