သံတောင်ကြီးစစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်နေ

စစ်ဘေးဒုက္ခသည်တွေ တောင်ငူ၊ ရေတာရှည်၊ ဆွာနဲ့လိပ်သိုမြို့က ဘာသာရေးအဆောက်အအုံ တွေမှာ ခိုလှုံနေရပြီး စားရေးသောက်ရေးခက်ခဲနေ။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တစ်ထောင်ကျော်ဟာ ရက်ရှည်စစ်ရှောင်နေရ တာကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတချို့ လိုအပ်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ငွေတောင်၊ ဗဟန်း၊ သစ်အယ်တောင်စတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ အရပ်သားတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်ကနေ စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် လွတ်ကင်းရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီနေ့အထိ နေရပ် မပြန်နိုင် သေးတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ တောင်ငူ၊ ရေတာရှည်၊ ဆွာနဲ့လိပ်သိုမြို့ပေါ်က ဘာသာရေး အဆောက်အအုံ တွေမှာ ခိုလှုံနေရပြီး စားရေးသောက်ရေးခက်ခဲနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတော့ မှတ်ပုံတင်တောင်မပါလာတဲ့ သူတွေရှိတယ်။ လူတိုင်းက မသေရင်ပြီးရောဆိုပြီး ခါးဝတ်ခါးစားတွေနဲ့ပဲ ထွက်လာကြတော့ ရက်ကြာလာတော့ စားရေးသောက်ရေးက ခက်ခဲလာတယ်။ အခုကစစ်ဘေးဒုက္ခသည်က တအားများလာတော့လေ လိုအပ်ချက်တွေပိုများလာတဲ့ သဘောပေါ့။ အမျိုးသမီးတွေအတွက်ဆို တစ်ကိုယ်ရည်သုံးပစ္စည်းတွေလည်း လိုတာပေါ့နော်၊ တခြားကုန်ခြောက်ကုန်ခြမ်းတွေလည်း လိုတယ်”

မေလ ၁ ရက်နေ့ကတည်းက သံတောင်ကြီးမြောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေ ပြန်ထွက်သွားပေမဲ့ အသေခံဒရုန်း(FPV)တွေနဲ့ ဆက်လက်ဗုံးကြဲနေတာကြောင့် ဒေသခံအများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ သူက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအထဲမှာ အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်းပါဝင်နေပြီး ရာသီဥတုဥတူပူပြင်းတာကြောင့် အရေးပေါ်ဆေးဝါးတချို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေရဲ့ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဧပြီလတစ်လအထဲမှာပဲ သံတောင်ကြီးနယ်ကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၀ ကျော်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ (၃.၆) သုံးသန်းကျော် ရှိနေပြီး ၂၀၂၁ ခုနှစ်ကထက်စာရင် သုံးဆမြင့်တက်လာတယ်လို့ တွေ့ရပါတယ်။