ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဘားအံဆေးရုံတက် ကုသခဲ့ရ

ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေခံစားနေရပါတယ်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကျန်းမာရေး မကောင်းတဲ့ အတွက်ကြောင့် ဘားအံအကျဉ်းထောင်ကနေ ဘားအံဆေးရုံကို ပို့ဆောင်ကုသခဲ့ရသလို လက်ရှိမှာလည်း ထောင်ထဲမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေက မေလ ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့် ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးမှာ ငါးရက်ခန့် တက်ရောက်ကုသခဲ့ရတာ လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူ့ကျန်းမာရေးအခြေအနေကတော့ အာရုံကြောရောဂါလည်းရှိသလို နောက်ပြီးတော့ တိုက်ဖွိုက်လိုရောဂါမျိုး ပေါ့နော် ခဏခဏဖျားတယ်ဆိုတဲ့ အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါဖြစ်တယ်။ အဲဒါက ဆေးရုံက ဆင်းသွားပြီးပြီ။ အခုက ဘားအံဆေးရုံက ဆရာဝန်ကိုယ်တိုင် လိုအပ်တဲ့ကုသမှုတွေ ထောင်ထဲမှာဆက်လုပ်ပေးနေတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရ သေးပါဘူး။

ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဘားအံမြို့ ဝန်ကြီးချုပ်နေအိမ်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီက စွပ်စွဲတဲ့ အမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အဲဒီထောင် ဒဏ်တွေရဲ့ ထက်ဝက်ကို စစ်ကောင်စီက ပြန်လျှော့ပေးလိုက်တာကြောင့် ထောင်ဒဏ် နှစ် ၄၀ ဆက်လက်ကျခံနေရတာဖြစ်ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲသုံးကြိမ် အနိုင်ရခဲ့သူဖြစ်ပါတယ်။