ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO တိုင်ကြားထားတဲ့အမှုကို တီမောအစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ လက်ခံလိုက်ပြီး အခု ခရိုင်တရားရုံးကို လွှဲပေးလိုက်တာလို့ မေလ ၄ရက်နေ့မှာ CHRO က ထုတ်ပြန်လိုက်တာပါ။
တီမောလက်စ်တေနိုင်ငံရဲ့ တရားရေးဌာနက ဒီအမှုကို စတင်စုံစမ်းစစ်ဆေးဖို့အတွက် တရားရုံးကို လွှဲပေးလိုက်တာလို့ CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
“ဒီအဆင့်က ကျွန်တော်တို့တင်တဲ့အမှုကို တီမောလက်စ်တေနိုင်ငံမှာ စီစစ်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သူတို့နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီပါတယ်ဆိုတာကို မီးမောင်းထိုးပြတာပေါ့။ အခု ဒီတရားရုံးက ကျွန်တော်တို့တင်တဲ့အမှုတွေကို သီးခြားလွတ်လပ်စွာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပြီလို့ ယူဆလို့ရတယ်။ ဒါက တိုးတက်မှုတစ်ခုဖြစ်တယ်”
ဒီအမှုကို လက်ခံလိုက်တဲ့ တီမောနိုင်ငံ ဒီလီမြို့ ခရိုင်တရားရုံးက ဘာတွေဆက်လက်လုပ်ခွင့်ရှိမလဲ။ နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ မြန်မာနိုင်ငံ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ကွန်ယက် တည်ထောင်သူ - ဆိုင်းက အခုလို သုံးသပ်ပါတယ်။
“အထောက်အထားတွေကို စနစ်တကျစုဆောင်းနေတဲ့အဆင့်ကနေ စစ်ဆေးမယ့်အဆင့်ရောက်လာမယ်။ ဒီအဆင့်ကနေ သက်သေတွေကို ခေါ်ယူမေးမြန်းမယ်၊ တင်ပြထားတဲ့ လူသက်သေ၊ ပစ္စည်းအထောက်အထားသက်သေတွေကို စစ်ဆေးမယ်။ အကုန်လုံးစစ်ဆေးပါလိမ့်မယ်။ သက်သေအထောက်အထားခိုင်ခိုင်လုံလုံတွေ့လာပြီဆိုရင် တရားခံတွေကို တရားဝင်စွဲချက်တင်တာတွေလုပ်ပြီး အဲဒီကနေမှ နောက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်လာနိုင်ပါတယ်”
CHRO က တီမောအစိုးရဆီ သက်သေအထောက်အထားတွေနဲ့အတူ တင်ပြထားတဲ့ မြန်မာစစ်တပ် ကျူးလွန်တဲ့အဓိကဖြစ်ရပ် ငါးခုရှိပါတယ်။
အဲဒီထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်တပ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလဆန်းလောက်က မတူပီမြို့မှာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ သတင်းသမားတစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တာ၊ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ ဘာသာရေးအဖွဲ့ဝင် သုံးဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ စစ်လက်နက်အင်အား အလွန်အကျွံသုံးပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးရတာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။
မတူပီမြို့နယ်မှာ အသတ်ခံလိုက်ရတဲ့ သတင်းသမားဟာ ချင်းပြည်နယ်က ခိုနူမ်းသုန်သတင်းဌာန တည်ထောင်သူ ဝါရင့်သတင်းသမား ပူးသွီဒင်း(Pu Tui Dim) ပါ။
ပူးသွီဒင်းအတွက် တရားမျှတမှုရဖို့ မျှော်လင့်နေတယ်လို့ ခိုနူမ်းသုန်သတင်းဌာန အယ်ဒီတာ ဆလိုင်းရောဘတ်က ပြောပါတယ်။
“ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့ အယ်ဒီတာချုပ် ပူးသွီဒင်းအတွက် တရားမျှတမှုပြန်လည်ရရှိဖို့ အင်မတန်မျှော်လင့်တယ်”
CHRO က ချင်းပြည်နယ်ထဲ စစ်တပ်ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် အဓိကတာဝန်ရှိသူတွေအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်အပြင် လေတပ်၊ ကြည်းတပ်နဲ့ တပ်ရင်း၊ တပ်မတွေက ဗျူဟာမှူး၊ တပ်မမှူးတွေ စုစုပေါင်း ၁၄ ဦးကို အရေးယူဖို့ လျှောက်ထားတာဖြစ်ပါတယ်။
ဒီအမှုက မြန်မာစစ်အာဏာရှင်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကို နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ ဆိုင်းက အခုလို သုံးသပ်ပါတယ်။
“အထူးသဖြင့် တရားမျှတမှုလမ်းကြောင်းတွေ အရမ်းကျပ်တည်းနေတဲ့ မြန်မာနိုင်ငံအခြေအနေမှာ ဒီလမ်းကြောင်းပေါ်လာတာက အနည်းဆုံးတော့ တရားခံတွေကို ချက်ချင်းဖမ်းလို့မရသေးရင်တောင်မှ အခုလိုမျိုး အမှုတည်ဆောက်လိုက်နိုင်တာက ကျူးလွန်တဲ့သူတွေကို နိုင်ငံတကာမှာ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်လိုက်တဲ့သဘောပေါ့နော်။ အနည်းဆုံး နိုင်ငံတစ်နိုင်ငံကနေမှ ပိတ်လိုက်တဲ့သဘောပေါ့နော်။ ဒါက မြန်မာနိုင်ငံအတွက် တရားမျှတမှုရှာဖွေတဲ့ ခြေလှမ်းသစ်တစ်ရပ်ဖြစ်လာမှာဖြစ်သလို အာဆီယံဒေသတွင်းမှာလည်း legal breakthrough တစ်ခုလို့ ပြောလို့ရတယ်။ ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ယဉ်ကျေးမှုက မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူး တခြားအာဆီယံဒေသတွင်းနိုင်ငံတွေမှာလည်း တော်တော်လေး ဖြစ်နေတာများတယ်။ ဒီလိုအခြေအနေမှာမှ တရားဥပဒေလမ်းကြောင်းကနေ ဒီယဉ်ကျေးမှုကို စိန်ခေါ်တဲ့ legal challenge တစ်ခုဖြစ်တယ်”
CHRO က စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို စစ်ရာဇဝတ်မှုတွေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲတင်နိုင်ဖို့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလက ကြိုးစားခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်တရားရေးဌာနဘက်က တစ်စုံတရာတုံ့ပြန်ချက်တော့ မရှိသေးပါဘူး။
မြန်မာစစ်ကော်မရှင်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့၊ တခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ရှောင်ကြဉ်ဖို့ ဆိုတဲ့ အာဆီယံအခြေခံမူတွေကို တီမောနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။
တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တဲ့အပေါ် စစ်ကော်မရှင်က အပြင်းအထန်ကန့်ကွက်ထားသလို ရန်ကုန်မြို့မှာရှိတဲ့ တီမောသံရုံးတာဝန်ခံကို မြန်မာပြည်တွင်းကနေ အပြီးတိုင်ထွက်ခွာဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက သတိပေးချက်ထုတ်ခဲ့ပါတယ်။
ဥပဒေပညာရှင်တွေကတော့ နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်တဲ့လူပုဂ္ဂိုလ်တွေအပေါ် တရားစွဲဆိုထားတဲ့အမှုကို တီမောနိုင်ငံက လက်ခံတာဟာ အာဆီယံရဲ့ ပဋိဉာဉ်အခြေခံမူတွေကို ချိုးဖောက်ရာမရောက်ဘူးလို့ သုံးသပ်ကြပါတယ်။
