မုန်းမှာ မြေမြှုပ်မိုင်းထိလို့ ကလေးတစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံး

ဖခင်ဖြစ်သူကလည်း သူ့လို မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူဟုသိရ။

ပဲခူးတိုင်း အရှေ့ခြမ်း၊ မုန်းမြို့မှာ ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် အပြင်းအထန် ဒဏ်ရာတွေ ရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိတဲ့ မချယ်ရီလင်းဟာ အသက် ၁၆ နှစ် ဖြစ်ပြီး ဒီနှစ် ရှစ်တန်း (8th Grade) ဖြေထားသူလို့ ပြောပါတယ်။

မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ မုန်းမြို့ ရပ်ကွက်တွေရဲ့ အနောက်ဘက် ဥယျဉ်ခြံဝိုင်းထဲကို အသီးသွားဝယ်ချိန် ခြံတစ်ခြံကနေ တစ်ခြံအကူးမှာ ကလေးက မိုင်းနင်းမိခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးက ခြေထောက်တစ်ဖက်လည်း ဖြတ်လိုက်ရတယ်။ မျက်စိတစ်လုံးလည်း မရတော့ဘူး။ တစ်လုံး ကတော့ ခွဲစိတ်ထားတယ်။ အဲဒီနေ့က ခြံတစ်ခြံကနေ တစ်ခြံ အကူးမှာ အမေကတော့ သွားပြီးသွားပြီ။ သူက ခြံစည်းရိုးကို ငုံ့ပြီး ဝင်တဲ့အချိန်မှာ ပေါက်တာ။”

ခြံရှင်တစ်ဦးကတော့ မိုင်းစ အနည်းငယ်ထိမှန်ပြီး ဒဏ်ရာရခဲ့ပြီး မိခင်ဖြစ်သူကတော့ မိုင်းပေါက်ကွဲမှုကနေ လွတ်မြောက်ခဲ့ပါတယ်။

မချယ်ရီလင်းဟာ လက်ရှိ တောင်ငူဆေးရုံမှာ ဆေးဝါးကုသခံယူနေရပါတယ်။

ဖခင်ဖြစ်သူကလည်း သူ့လို မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးထားရပြီး ငွေကြေးချို့တဲ့တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

အဲဒီဥယျဉ်ခြံမြေကို ပုံမှန်သွားနေကြဖြစ်ပြီး ဒီမြေမြှုပ်မိုင်းတွေ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ထောင်ထားလဲဆိုတာ မသိရဘူးလို့ ပြောပါတယ်။

မုန်းမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေက မကြာခဏ ဖြစ်နေပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ်ကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ လူပေါင်း ၁၀၀၀ ကျော် ခြေလက်အင်္ဂါ ထိခိုက်ဆုံးရှုံး တာတွေ၊ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။