ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းကို ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ ပြန်လည် အကောင်ထည်ဖော်ဖို့ ကြိုးစား နေကြတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ SPIC-YN (State Power Investment Corporation - Yunnan) နဲ့ စစ်တပ်ခန့် အစိုးရရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ကြောင်း ကချင်ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၄၉ ဖွဲ့က မေလ ၅ နေ့က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို အရပ်သားအစိုးရအဖွဲ့ကိုအာဏာသိမ်းထားတဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့က ပြန်လည်စတင်ဖို့ ကြိုးစားနေတာဟာ ဒေသခံ ကချင်ပြည်သူတွေနဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်နေတာကြောင့် အခုလို ကန့်ကွက်စာကို ထုတ်ပြန်ရတာဖြစ်တယ်လို့ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ နေ့ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်သူ မည်သူမဆို တရားဥပဒေအရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒါဟာ ပြည်သူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မြစ်ဆုံစီမံကိန်းဟာ တရုတ်အစိုးရပိုင်ကုမ္ပဏီ SPIC-YN နဲ့ မြန်မာနိုင်ငံက စစ်တပ်ခန့် အစိုးရအဖွဲ့တို့အကြား သဘောတူညီချက်နဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ပြည်သူလူထုရဲ့ သဘောတူညီချက် မပါဘဲ ဖွံ့ဖြိုးရေးအမည်ခံ စီးပွားရေးအကျိုးကိုသာ ဦးစားပေးလုပ်ဆောင်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကချင်ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၉ ဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမိုင်ကတော့ မြစ်ဆုံစီမံကိန်းကြောင့် ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးပြီး ပြည်တွင်းစစ်ရေးပဋိပက္ခတွေ ပိုကြီးထွားလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“မြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ကြိုးစားလာတာဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးအောင် စစ်တပ်အဖွဲ့က လုပ်နေတာလို့မြင်တယ်။ အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကို ကြီးထွားအောင် လုပ်လိုက်တာလို့မြင်တယ်။ စစ်တပ်ရဲ့ လုပ်ရပ်ဟာ အများပြည်သူနဲ့ ပြည်တွင်း၊ပြည်ပက ပညာရှင်တွေရဲ့ သဘောထားအပါဝင် သမ္မတ ဟောင်း ဦးသိန်းစိန်ရဲ့ ကတိကဝတ်တွေကို လုံးဝလျစ်လျူရှုလိုက်တာလို့ ပြောချင်တယ်။ ပြီးတော့ကချင်ပြည် နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရချိန် ကချင်လူထုကို လိမ်ညာပြီး ဖိအားပေး စီးရုံးနေတာတွေရှိတယ်။ မြစ်ဆုံစီမံကိန်းကြောင့် အလုပ်တွေရမယ်၊ လျှပ်စစ်မီးတွေရ မယ်ဆိုပြီးတော့လည်း ဝါဒတွေဖြန့်နေတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားသေးတယ်။”
အဆိုးဝါးဆုံးအချက်က ငလျင်ကြောင့်ဖြစ်ဖြစ်၊ လက်နက်ကြီး ထိမှန်လို့ဖြစ်ဖြစ် စီမံကိန်းက တာရိုး ကျိုးပေါက်သွားရင် မြစ်ကြီးနားမြို့မှာနေတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စီးစိမ်တွေ ဆုံးရှုံးရမယ့် အန္တရာယ်အထိ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းဟာ အမြင့် ၁၃၉.၅ မီတာ၊ အကျယ် ၁,၃၁၀ မီတာရှိတာကြောင့် စင်ကာပူနိုင်ငံ အရွယ်အစားနီးပါး ရေမြုပ်နိုင်တဲ့ အန္တရာယ်ရှိနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိခိုက်ပျက်စီးနိုင်တယ်လို့လည်း ၂၀၁၃ ခုနှစ် Independent Expert Review of the Myitsone Dam EIA အစီရင်ခံစာကို ကိုးကားပြီး အရပ်ဘက်အဖွဲ့ ၄၉ ဖွဲ့ က ထောက်ပြထားပါတယ်။
ဒါ့အပြင် မြစ်စီမံကိန်းကြောင့် လူဦးရေ ၁၂,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရပြီး ရိုးရာမြေယာ၊ ဘာသာရေးယုံကြည်မှုနဲ့ ရှေးဟောင်းနေထိုင်မှုတွေ ဆုံးရှုံးခဲ့ရသလို စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ဒါကြောင့် စစ်တပ်ခန့်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှုကို မထီမဲ့မြင်ပြုကာ စီမံကိန်းပြန်လည် စတင်ရေး လှုံ့ဆော်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အတင်းအကျပ်လူထုတွေ့ဆုံပွဲတွေလုပ်တာ ရပ်တန့်ဖို့၊ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့၊ နိုင်ငံတစ်ဝန်းက စစ်ရေး ပဋိပက္ခဖြစ်ပွားနေချိန်မှာ စီမံကိန်း ဆက်လက်လုပ်ဆောင်တာတွေ လုံးဝ မပြုလုပ်ဖို့နဲ့ ဒေသခံအသိုင်းအဝိုင်းရဲ့ အမှန်တကယ် သဘောတူညီချက် မရှိဘဲ စီမံကိန်းတွေကို ဘယ်လိုအစိုးရကမှ အကောင်အထည်မဖော်ဖို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။
