ပဲခူးတိုင်း၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ထန်းတပင်မြို့နယ်နဲ့ ဖြူးမြို့နယ်တို့ကို မေလ ၇ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး သုံးဦးအပါအဝင် စုစုပေါင်း ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြူးမြို့နယ် ရှားပင်ချောင်းရွာမှာတော့ အရပ်သားထိခိုက်သေဆုံးတာ မရှိပေမဲ့ ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ငါးကြိမ် ဗုံးကြဲချခဲ့တာကြောင့် ကလေး သုံးဦးနဲ့ အမျိုးသား သုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ငါးဦးရှိတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဖြူးမြို့ခံတစ်ဦးက ပြောပါတယ်။
“နှစ်နေရာလုံးက တိုက်ပွဲဖြစ်နေတာမရှိပါဘူး။ ရှားပင်ချောင်းဆို လှေဆိပ်ကို ကြဲတာ လူသေတာမရှိဘူး။ နေ့လယ် ၁၂ နာရီကနေ နေ့လယ် ၂ နာရီအထိကို ဘွားအေစုရွာကို ငါးကြိမ် ကြဲသွားတာက ခြောက်ဦးသေပြီး ငါးဦးဒဏ်ရာရတာပါ။ သေသွားတဲ့ ကလေးသုံးဦးကတော့ ကျားမ မသိရသေးဘူး။ ငါးဦးကတော့ အလောင်းက အကောင်းအတိုင်းရတယ်။ တစ်ဦးကတော့ တဲမီးလောင်တဲ့အထဲပါသွားတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာ”
ဒဏ်ရာရသူတွေထဲမှာ အသက်ကြီးပိုင်းတချို့ပါဝင်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးထားတာကြောင့် စိုးရိမ်စရာ အခြေအနေမရှိဘူးလို့ သူက ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ပဲခူးတိုင်းအစိုးရအဖွဲ့ကိုတော့ RFA က ဆက်သွယ်လို့မရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း ဘွားအေစု၊ ဇလုပ်ကြီးနဲ့ ငါးဆီးလှောင် ကျေးရွာတွေကို စစ်တပ်က ဂျိုင်ရိုကော်ပတာ(Gyrocopter)နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ဆယ်လုံးကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅,၄၇၈ ဦးသေဆုံးခဲ့ပါတယ်။
