၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကာလအတွင်း ဗကသ ရဲဘော်ဟောင်း ၁၄ ဦး ကျဆုံးခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မေလ ၈ ရက်နေ့က ဗကသများအဖွဲ့ချုပ်ဟာ နှစ် ၉၀ ပြည့်ခဲ့တာဖြစ်ပြီး အဲဒီနေ့ကို ဂုဏ်ပြုမှတ်တမ်းတင် တဲ့အနေနဲ့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။
အဲဒီထဲမှာ တော်လှန်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့သူ ၅ ဦး၊ ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်သူ ၅ ဦး၊ စစ်တပ်ဖမ်းဆီးခံရပြီးနောက် ကျဆုံးသူ ၁ ဦး၊ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သူ ၁ ဦးနဲ့ သေဆုံးရတဲ့အ ကြောင်းရင်း မသိရသေးသူ ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ကျဆုံး၊ ကွယ်လွန်ခဲ့ကြသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်၊ မကွေး၊ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဒေသတို့က ဖြစ်ပြီး မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ၊ မြင်းခြံနည်းပညာကောလိပ် ကျောင်းသား များသမဂ္ဂအပါအဝင် ဗကသအဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗကသရဲ့သမိုင်းဟာ ကိုလိုနီခေတ်ကနေ အခုအချိန်အထီ မျိုးဆက်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် (၉၀) ပြည့် ဂုဏ်ပြုမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဗကသ အဖွဲ့ချုပ်ရဲ့ သမိုင်းဟာ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ ဒီမိုကရေစီရေးနဲ့ လွတ်လပ်မှုအတွက် မျိုးဆက်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းဖြစ်တယ်။ ကျောင်းသားသမဂ္ဂစိတ်ဓာတ်ဆိုတာ မတရားမှုကို လက်မခံတဲ့ စိတ်ဓာတ်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ အဓိက အင်အားတစ်ရပ်လည်း ဖြစ်တယ်”
ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း ဗကသအဖွဲ့ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူတူ အမြစ်ဖြတ်သွားမယ်လို့ ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း နှစ် (၉၀) ပြည့်ကို ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။
“ဗကသများအဖွဲ့ချုပ်ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းအစဉ်အလာကို အလေးအနက် ဂုဏ်ပြုအပ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူလူထုနဲ့အတူ ဆက်လက်လက်တွဲ တိုက်ပွဲဝင်သွားမည်”
ဗကသများအဖွဲ့ချုပ် ဖြတ်သန်းလာခဲ့ရတဲ့ နှစ် ၉၀ သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။
