မိုးဗြဲမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က အကျအဆုံးများကြောင်း KNDF ပြော

မိုးဗြဲမြို့နဲ့ အနီးတစ်၀ိုက်က ဒေသခံတွေဟာ ၂၀၂၅ ခုနှစ်ကတည်းက ကာလရှည် တိမ်းရှောင် နေကြရ။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနီးတစ်၀ိုက်မှာ မေလ ၁၇ ရက်နေ့အထိ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က RFA ကို ပြောပါတယ်။

စစ်တပ်က မိုးဗြဲ မြို့ပေါ်ကိုထိန်းချုပ်ထားနိုင်ပေမဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးတာကြောင့် မိုးဗြဲ-ဖယ်ခုံလမ်းပိုင်းနဲ့ မုံးဗြဲက တဆင့် ကယား (ကရင်နီ)ပြည်နယ် နန်းမယ်ခုံ-ဒီးမောဆို-ဖရူဆို ဒေသတွေအထိ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေတာပါ။

ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“မိုးဗြဲဖက်မှာ စစ်ကောင်စီတပ်တွေက အင်အားဖြည့်ပြီးတော့မှ စစ်ကြောင်းတွေ ထပ်ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျဆုံးမှုက ဆယ်ဂဏန်းရှိတယ်။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ခဲယမ်း သိမ်းဆည်းရမိထားတာတွေလည်း ရှိပါတယ်”

တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း နှစ်ဦးကျဆုံးတယ်လို့ သူက ပြောပါတယ်။

မိုးဗြဲဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုလာတာ မရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့နဲ့ အနီးတစ်၀ိုက်က ဒေသခံတွေဟာ ၂၀၂၅ ခုနှစ်ကတည်းက ကာလရှည် တိမ်းရှောင်နေကြရပါတယ်။ လက်ရှိမှာ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ ဒေသခံတချို့လည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာစတင်တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးမှာ မိုးဗြဲမြို့က စစ်တပ် ခြေကုပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကရင်နီပူးပေါင်းတပ်တွေက မိုးဗြဲမြို့ကို ၁ နှစ်ခွဲခန့် ထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် စစ်တပ်က ၆ လကျော်ကြာ ပြန်လည်ထိုးစစ်ဆင်ပြီး ၂၀၂၅ ခုနှစ် ဇူလလိုင်လမှာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။