မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်ဆက်လက်ချိုးဖောက်နေဆဲ

သတင်းထောက်တွေကိုအမြန်လွတ်ပေးဖို့နဲ့ သတင်းစာလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ရပ်ဖို့တောင်းဆို။

မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်ပြီး ဖိနှိပ်ချိုးဖောက်နေဆဲဖြစ်တဲ့အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် သတင်းမီဒီယာလုံခြုံရေးနဲ့ သတင်းစာ လွတ်လပ်ခွင့်အဖွဲ့တစ်ခုဖြစ်တဲ့ (Press Emblem Campaign - PEC) က မေလ ၁၆ ရက်နေ့က ပြောလိုက်ပါတယ်။

အရပ်သားအစိုးရပြောင်းလဲပြီလို့ စစ်တပ်ခန့်က အစိုးရက ပြောနေပေမယ့် မေလ ၁၁ ရက်နေ့က မြေလတ်အသံ၊ Red News Agency နဲ့ Asia Citizens သတင်းဌာနတွေကို လိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာခဲ့အပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ နေပြည်တော်က စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သတင်းသမား ၂၀၀ ထက်မနည်း အဖမ်းအဆီး ခံခဲ့ရကြောင်း၊ လွတ်လပ်တဲ့ သတင်းမီဒီယာကောင်စီရဲ့ အဆိုအရ ဒီအထဲက ၁၈ ဦးဟာ အကျဥ်းကျ နေဆဲဖြစ်ကြောင်း၊ သူတို့ကို အမြန်လွတ်ပေးဖို့နဲ့ သတင်းအဖွဲ့အစည်းတွေအပေါ် ထားတဲ့ ကန့်သတ် ပိတ်ပင်ချက်တွေကို အမြန်ဖယ်ရှားပေးဖို့ တောင်းဆိုကြောင်း PEC ရဲ့ ဥက္ကဋ္ဌ ဘလေ့ လင်ပင် (Blaise Lempen) က ကြေညာချက်မှာ ပြောကြားထားပါတယ်။