တွန်းဇံမြို့ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ လုံဇန်ကျေးရွာက စစ်ဘေးရှောင် ဒေသခံ ငါးဦးကို ဖမ်းဆီးထား

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်ကောင်စီတပ်တွေနဲ့ စစ်တပ်လက်အောက်ခံ ZRA အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး မေလ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တချို့က ပြောပါတယ်။

စစ်ကောင်စီနဲ့ ZRA တပ်တွေ ပူးပေါင်းအင်အား ၈ဝဝ လောက်က အင်အားအလွန်အကျွံသုံးပြီး လေကြောင်းပစ်ကူတွေနဲ့ပါ တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ပေးလိုက်ရတယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ Zo Army အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ခုလောလောဆယ်တော့ စစ်ကောင်စီ ၊ ZRA၊ ပူးပေါင်းပြီး သာလွန်အင်အားနဲ့ လေကြောင်းအလွန်အကျွံသုံးစွဲတိုက်ခိုက်လာတာကြောင့် ကျွန်တော်တို့ဘက်က ယာယီ ဆုတ်ပေးရတာပါဗျ”

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့ ZRA အဖွဲ့တွေကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ Zo Army အပါအဝင် ချင်းဒေသကာကွယ်ရေး (CDF) ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်နဲ့ ဇိုမီးတော်လှန်ရေးတပ် ZRA ပူးပေါင်းအဖွဲ့ဟာ တီးတိန်-တွန်းဇံလမ်းပေါ်မှာရှိတဲ့ Tung Tuang ကျေးရွာနဲ့ နတ်ဇန်ကျေးရွာဘက်ကနေ အဓိကထိုးစစ်ဆင်လာတာလို့ သူက ဆိုပါတယ်။

မေလ ၁၁ ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲပြင်းထန်လာရာကနေ မေလ ၁၉ ရက်နေ့ ညနေ သုံးနာရီဝန်းကျင်မှာ ဆုတ်ခွာပေးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ မေလ ၁၅ ရက်နေ့ကတည်းက တွန်းဇံမြို့နယ် Lomzang(လုံဇန်) ကျေးရွာက စစ်ဘေးရှောင်နေတဲ့ ဒေသခံ ငါးဦးကို ဖမ်းဆီးထားတယ်လို့လည်း Zo Army အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဘက်မှာ ထိခိုက်သေဆုံးတာတွေရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ထိခိုက်ဆုံးရှုံးရတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ ၂ဝ၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က စတင်ထိန်းချုပ်ခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာ လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲ စစ်ရေးအရှိန်မြှင့်နေတဲ့ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ကို ဧပြီ ၂၅ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တစ်လနီးပါးအကြာမှာ တွန်းဇံမြို့ကိုလည်း ထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်ပါတယ်။