ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတဲ့ဖြစ်ရပ် နှစ်နှစ်ပြည့်ခဲ့ပေမယ့်၊ ခံခဲ့ရတဲ့သူတွေနဲ့ သူတို့မိသားစုတွေအတွက် အာရက္ခတပ်တော် AA က တာဝန်ယူတာ၊ ကျူးလွန်တဲ့သူတွေကိုအရးယူတာမရှိသေးဘူးလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မေလ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂ ရက်က အဲဒီရွာနားက မြန်မာစစ်တပ်နဲ့ AA တပ်တို့တိုက်ပွဲဖြစ်တဲ့အချိန်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အရပ်သားတွေကို တိုက်ခိုက်ရေးသမားတွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အနည်းဆုံး ၁၇၀ လောက် သေဆုံးခဲ့ရသလို၊ သေကြေဒဏ်ရာရတဲ့သူ ရာကျော်ရှိနိုင်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (သုတသေနဌာန) ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီအပြင် ကျန်ရစ်တဲ့သူတွေကို AA ကဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ HRW က AA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA ကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ “AA အနေနဲ့ စစ်ပွဲတွေနဲ့ပတ်သက်ရင် နိုင်ငံတကာစစ်ဥပဒေအရရော၊ ဂျနီဗာကွန်ဗန်းရှင်းအရပါ တိတိကျကျ လိုက်နာကျင့်သုံးဆောင်ရွက်လေ့ရှိတဲ့အကြောင်းနဲ့ အဲဒီ ထန်းရှောက်ခံရွာမှာလည်း နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို လိုက်နာပြီး ကြိုတင်သတိပေးချက်ထုတ်ခဲ့သလို၊ မူစလင်ရွာလူကြီးတွေနဲ့ပူးပေါင်းပြီး ရွာသားတွေကို ကြိုတင်ကယ်ထုတ်ခဲ့တယ်” လို့ အကြောင်းပြန်တာကို HRW ရဲ့အစီရင်ခံ စာမှာထည့်သွင်းထားပါတယ်။
အခုထုတ်ပြန်တဲ့ HRW အစီရင်ခံစာအပေါ် အာရက္ခတပ်တော် AA ရဲ့ တုန့်ပြန်ချက်ရဖို့ ပြောခွင့်ရသူ ဦးခိုင်သုခ ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ “ဒီ ၅ လပိုင်းနဲ့ ၆ လပိုင်းအတွင်း ကုလသမဂ္ဂမှာအစည်းအဝေးတွေရှိတယ်၊ ဒီဟာနဲ့ချိန်ကိုက်ပြီးတော့မှ လူ့အခွင့် အရေးအမည်ခံအဖွဲ့တွေက လုပ်ကြံဖန်တီးဇာတ်လမ်းတွေနဲ့ report တွေထုတ်၊ ပွဲဆူအောင်လုပ်ပြီး ဘတ်ဂျက်များများရဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ကြံဖန်တီးပြဿနာပိုကြီး အောင်လုပ်နေတာတွေဟာ အနာဂါတ်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးနေကြတာဖြစ်ပါတယ်၊ ဒါဟာလက်ရှိ ရှိနေတဲ့အခြေအနေကိုပိုဆိုးအောင်လုပ်တာဖြစ်သလို ငြိမ်းချမ်းစွာအဖြေရှာရေးကိုလည်း အထောက်အကူမပြုပါဘူး။ ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ အခြေအမြစ်မရှိ မဟုတ်မမှန်လုပ်ကြံဖန်တီးစွပ်စွဲ ရေးသားထားတဲ့ HRW ရဲ့report ကိုလည်း ကျွန်တော်တို့အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်” လို့ တုန့်ပြန်ပါတယ်။
ထန်းရှောက်ခံရွာမှာတွေ့တဲ့ လူသေအလောင်းတွေဟာ မြန်မာစစ်တပ်က တပ်သားတွေနဲ့ ပြည်သူစစ်မှုထမ်းဥပဒေအရ စစ်ကောင်စီကစုဆောင်းသင်တန်းပေးထားတဲ့ မူစလင်တပ်သားတွေဖြစ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခ က အရင်ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ HRW သုတသေနအဖွဲ့က ထန်းရှောက်ခံရွာဖြစ်ရပ်နဲ့ပတ်သက်လို့ ရိုဟင်ဂျာ အမျိုးသား ၃၁ ယောက်၊ အမျိုးသမီး ၇ ယောက်၊ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး တစ်ယောက်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ် ဧပြီလကြားမှာမေးမြန်းပြီး ဒီအစီရင်ခံစာကိုထုတ်ပြန်တာလို့ဆိုပါတယ်။ အဲဒီ ၄၁ ယောက်ထဲမှာ နှစ်ယောက်က ထန်းရှောက်ခံရွာဖြစ်ရပ်ရဲ့ မျက်မြင်သက်သေတွေဖြစ်တယ်လို့ HRW ကဆိုပါတယ်။ အဲဒီလူတွေဟာ တချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကဖြစ်သလို၊ တချို့က မလေးရှားနိုင်ငံကိုရောက်နေတဲ့သူတွေဖြစ်ပြီး၊ တချို့ကတော့ ရခိုင်ပြည်နယ်ထဲက ငှက်သေရွာဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ သူတွေဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ULA/AA ရော မြန်မာစစ်တပ်ပါ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကိုလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့၊ အဓမ္မလုပ်အားပေးခိုင်းတာ၊ တရားမဝင်စစ်သားစုဆောင်းတာမလုပ်ဖို့ HRW က အဆိုပြုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ မရှိမဖြစ်လိုအပ်ချက်တွေကို ထောက်ပံ့ကူညီဖို့ HRW ကတောင်းဆိုထားပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအသင်းက လူသားချင်း စာနာမှုအကူအညီတွေတိုးပေးဖို့၊ စစ်ရာဇဝတ်မှုတွေစုံစမ်းဖော်ထုတ်တာကို ကူညီဖို့၊ နိုင်ငံတကာအဆင့် လက်နက်ပိတ်ဆို့အရေးယူဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ရွေးချယ်ပြစ်ဒဏ်ခတ်ပိတ်ဆို့ဖို့ HRW က တိုက် တွန်းလိုက်ပါတယ်။
