စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၃၁ ရက်နေ့က အစီအရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
PPNM အဖွဲ့အစည်း တည်ထောင်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းကအ ကျဉ်းထောင် အသီးသီးမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုစည်းပြီး အခုလို အစီရင်ခံစာ ထုတ်ပြန်ခဲ့ တာဖြစ်ပြီး ထောင်တွင်း ဆေးဝါးကုသခွင့် မလုံလောက်တာနဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့် သေဆုံးသူ ၁၄၈ ဦး၊ အကျဉ်းဦးစီးဌာနနှင့် စစ်တပ်ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတို့ကြောင့် သေဆုံးသူ ၇၅ ဦးနဲ့ မတ်လအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ရှိနိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင် တစ်ဦးကတော့ စစ်တပ်က အစကတည်းက ဥပဒေမဲ့ဖမ်းပြီး ထောင်ထဲမှာ ဆေးကုသမှု မပေးလို့ သေဆုံးခဲ့ကြရတာလို့ RFA ကို ပြောပါတယ်။
“အကျဉ်းထောင်တွေထဲမှာ သေဆုံးသွားတဲ့သူတွေထဲက အများစုဟာ ကုသလို့ရနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့ကြတာပါ။ လုံလောက်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသာ ရရှိခဲ့မယ်ဆိုရင် ဒီလောက်အထိ အသက်တွေဆုံးရှုံးစရာ မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိကို စစ်အုပ်စုက ထောင်တွင်း အကျဥ်းချ နှိပ်စက်သတ်ဖြတ်နေတာပါ”
ဆေးဝါးကုသခွင့် မလုံလောက်မှုကြောင့် သေဆုံးသူ ၁၄၈ ဦးထဲမှာ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ LGBT တစ်ဦး ပါဝင်တယ်လို့ဆိုပါတယ်။ အကျဉ်းဦးစီးဌာနနဲ့ စစ်တပ်ရဲ ဥပဒေမဲ့ သတ်ဖြတ်မှုတို့ ကြောင့် သေဆုံးသူ ၇၅ ဦးထဲမှာ အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး တစ်ဦး ပါဝင်ခဲ့ကြတယ်လို့ PPNM က ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေထဲ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့သူ ၅၉ ဦးရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၂၂ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
PPNM အနေနဲ့ သုံးနှစ်အချိန်အတွင်း ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၁၁၀ ခု၊ ထောင်ပြောင်းရွှေ့မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၁၅ ခုနဲ့ လွတ်မြောက်မှုဆိုင်ရာ သတင်းထုတ်ပြန် ချက် ၉ ခု ထုတ်ပြန်နိုင်ခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ ဒီ သေဆုံးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စာရင်းမှတ်တမ်းတွေဟာ စစ်အုပ်စုရဲ့အကျဉ်းထောင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ထင်ဟပ်နေတာဖြစ်တယ်လို့ PPNM က ပြောပါတယ်။
PPNM ဟာ အကျဉ်းထောင် ၄၀ ကျော်ကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ နွေဦးတော်လှန်ရေးကာလမှာ စုပေါင်းဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ရှစ်ထောင်ကျော် (၈,၀၆၃ ဦး ) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
