ချောင်းဦးမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးနေရ

တိုက်ပွဲတွေနဲ့ စစ်တပ်စစ်ကြောင်းတွေကြောင့် မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ စတဲ့ ရွာ ၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရ။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့က စစ်တပ်အထိုင်ချစခန်းအပါအဝင် နေရာသုံးခုထက်မနည်းကို ချောင်းဦး PDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာ ၆ ရွာက ဒေသခံ ၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဇွန်လ ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ တစ်ရက်ထဲမှာပဲ ချောင်းဦးမြို့အစွန် စိုက်ပျိုးရေးရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်အထိုင်ချစခန်း၊ မှန်ချိုရွာနဲ့ ဆင်မြေရွာကြားနေရာအပါအဝင် ချောင်းဦးမြို့ ကာကင်းနေရာတွေမှာပါ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က စစ်သား ၂၀ ထက်မနည်း သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်တပ်ရဲ့ အထိုင်ချနေရာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိထားတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မုံရွာမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေက ချောင်းဦးမြို့ပေါ်မှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မေလ ၃ ရက်နေ့မှာလည်း ဂျိုင်ယိုကော်ပရာနဲ့ ပါရာမော်တာတွေ သုံးပြီး လေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ စစ်တပ်ဘက်က တော်တော်လေးထိသွားတာပေါ့။ အဲဒါကြောင့် ဒီနေ့မှာ ဂျိုင်ယိုကော်ပါရာတွေရော စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲနေတာ။ လတ်တလောတော့ ရွာတွေကို ပြန်မကပ်ရဲကြသေးဘူး”

တိုက်ပွဲတွေနဲ့ စစ်တပ်စစ်ကြောင်းတွေကြောင့် မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ၊ မင်းခေါင်၊ မင်းတည် စတဲ့ ရွာ ၆ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ သူက ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ ၃ ဒသမ ၆ သန်းကျော်အထိ ရှိလာပါတယ်။