ကျောက်တော်ကို ဗုံးကြဲလို့ အရပ်သား ရှစ်ဦးသေ၊ အများအပြားဒဏ်ရာရ

ရွာမရပ်ကွက်၊ ကစ္ဆပနဒီတံတားအောက်၊ ကမ်းနားလမ်း၊ မြို့တစ်ဖက်ကမ်းက ကျောက်တော်တောင်ခြေရင်းစတဲ့ ကိုးနေရာထက်မနည်း ထိခိုက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၁၇ ရက် နေ့လယ် ၃ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့တစ်နာရီနီးပါးကြာအောင် ပစ်ခတ်ပြီး ဗုံးကြဲခဲ့တဲ့အတွက် ကလေးအပါအဝင် အရပ်သား ရှစ်ယောက်သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရသလို အိမ် ငါးဆယ်ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်က ရွာမရပ်ကွက်၊ ကစ္ဆပနဒီတံတားအောက်၊ ကမ်းနားလမ်း၊ မြို့တစ်ဖက်ကမ်းက ကျောက်တော်တောင်ခြေရင်းစတဲ့ ကိုးနေရာထက်မနည်း ထိခိုက်တာလို့ ပရဟိတသမား ကိုဝေဟင်အောင်က ပြောပါတယ်။

“လေယာဉ်သုံးစင်းနဲ့ကို တစ်နာရီလောက်ကြာအောင် စိမ်ပြေနပြေပစ်တာ။ ကမ္ဘာပျက်နေသလိုပဲ။ ​လေယဥ်နဲ့ ပစ်​​နေချိန်ဆိုတော့ တစ်မိနစ်ဆိုတဲ့ ကြာချိန်​တောင် မလွယ်ဘူး​လေ။ တော်တော်လေးကို ပြင်းထန်ဆိုးရွားပါတယ်။ သေဆုံးတဲ့သူ ရှစ်ဦးနဲ့ ဒဏ်ရာရသူ ၁၅ ဦးရှိတယ်။ ၁၅ ဦးအထဲမှာ သုံးဦးက အတွင်းလူနာပါ။ တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့ အသက်လုနေရပါတယ်”

သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်ကို RFA အနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို ရခိုင်ပြည်နယ်ရဲ့ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

ဒေသခံတွေဟာ လေကြောင်းကနေ နောက်ထပ်လာတိုက်ခိုက်မှာကိုစိုးရိမ်လို့ လေကြောင်းရန်ကင်းလွတ်တဲ့ နေရာတွေကို ခေတ္တတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။