စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ

အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာပဲ အမှုကိုစစ်ဆေးခဲ့ပြီး ရုံးချိန်း ၅ ချိန်းမြောက်မှာ အမိန့်ချလိုက်တာဟုဆို။

နိုင်ငံရေးနဲ့ သုတရသစာပေတွေကိုရေးသားတဲ့ အမျိုးသားစာပေဆုရှင် အသက် ၇၀ ကျော်အရွယ် စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူ ကိုနေထွန်းတို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စစ်တပ်ခန့်အစိုးရက ဇွန်လ ၁၈ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ စာအုပ်ထုတ်ဝေသူတွေက ပြောပါတယ်။

စာရေးဆရာ ဦးတင်ညွန့် ရေးသားတဲ့စာအုပ်တွေကြောင့် အဖမ်းခံလိုက်ရတာ သုံးဦးဆိုပေမယ့် အွန်လိုင်းမှာ စာအုပ်ရောင်းတဲ့ အမျိုးသမီးအခြေအနေတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်တဲ့ စာအုပ်ထုတ်ဝေသူတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီနေ့ ဇွန်လ ၁၈ နေ့မှာပဲ အင်းစိန်ထောင်တရားရုံးကနေ ထောင် (၃) နှစ် ချမှတ်လိုက်တာတဲ့။ တရားရင်ဆိုင်တာက အင်းစိန်အချုပ်ကနေပဲ တရားရင်ဆိုင်ခဲ့ရတာလို့ ပြောတယ်။ ဆရာတင်ညွန့်နဲ့ သူရဲ့ သားအငယ် ကိုနေထွန်းတို့ နှစ်ယောက်ရဲ့ အခြေအနေပဲ သိရသေးတယ်။ အွန်လိုင်းဈေးရောင်းတဲ့ အမျိုးသမီး အခြေအနေတော့ မသိရသေးဘူး။”

စစ်တပ်ခန့်အစိုးရအဖွဲ့က စာရေးဆရာ ဦးတင်ညွန့်နဲ့ သားဖြစ်သူ ကိုနေထွန်းတို့ကို ဧပြီလ ၂၃ နေ့က ဖမ်းဆီးခဲ့တာပါ။ ဖမ်းခံရပြီးနောက် သန်လျင်မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူပြီး အမှုကို အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာပဲ စစ်ဆေးခဲ့တာဖြစ်သလို ရုံးချိန်း ၅ ချိန်းမြောက်မှာ အမိန့်ချလိုက်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာ ရေးသားထုတ်ဝေခဲ့တဲ့ ဆရာ ဦးတင်ညွန့်ရဲ့ “ခွေးထိန်းငတာ“၊ “ဗိုလ်ချုပ်တွေ ကျွန်တော့်ကိုညာခဲ့သည်" နဲ့ “ဦးသန်းရွှေ၏ ယတြာများ" စာအုပ်တွေကို အမျိုးသမီးတစ်ဦးက လူမှုကွန်ရက် Tiktok မှာ တင်ရောင်းခဲ့ရာကနေ အဲဒီအမျိုးသမီးအပါအဝင် သုံးဦး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း စစ်အစိုးရ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနဲ့ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဆရာဦးတင်ညွန့်ဟာ ကျောင်းဆရာဟောင်းနဲ့ သတင်းစာအယ်ဒီတာတစ်ဦးဖြစ်ခဲ့သလို “ရိုးမပေါ်မှာကျတဲ့ မျက်ရည်" ဝတ္ထုရှည်နဲ့ လူသိများထင်ရှားပြီး နိုင်ငံရေး၊ ရသနဲ့ သုတစာပေတို့အပါအဝင် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားထားသလို လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ အမျိုးသားစာပေဆုတို့ ရရှိထားသူလည်း ဖြစ်ပါတယ်။

အသက် ၇၀ ကျော်အရွယ် အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွန့် ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က ကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ အမျိုးသားစာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဦးတင်ညွန့်ဟာ နိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်နေတဲ့ အငြိမ်းစားကျောင်းဆရာ၊ ဆရာမကြီးတွေကိုထောက်ပံ့ကူညီဖို့ Save Our Forgotten Teachers (SOFT) ပရဟိတဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။