ချင်းတောင်ပိုင်းက တိုက်ပွဲတွေမှာ စစ်ရေးအသာစီးရနေကြောင်း ချင်းတပ်မတော် ထုတ်ပြန်

စစ်တပ်က မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ အသေခံဒရုန်းတွေ သုံးပြီး ပစ်ခတ်နေ။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေမှာ တစ်လကျော်ကြာ စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ရာချီသေဆုံးကာ စစ်ရေးအရအသာစီးရနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPA)က ဇူလိုင် ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှာ ရာနဲ့ချီတဲ့ စစ်သားတွေ ထိခိုက်ဒဏ်ရာရထားသလို ချင်းပြည်သူ့တပ်မတော်(CPA) ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ရှေ့ဆက်မတိုးနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“နယ်မြေအနေအထားက သူတို့မကျွမ်းကျင်ဘူးလေ။ ဒီရာသီ ဒီအခြေအနေက တောင်ပေါ်သားတွေမဟုတ်ရင် တောင်ပေါ်နေလို့အဆင်မပြေဘူး ဆိုတော့ သူတို့ရှေ့ဆက်မတိုးနိုင်တာပေါ့။ ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေဘက်မှာလည်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိပါတယ်။ အတိအကျကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်”

အခုနှစ် မေလ ၁၆ ရက်ကစပြီး မကွေးတိုင်းဘက်ကနေ အင်အားထောင်ချီပါတဲ့ စစ်တပ် စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်းက မြို့တွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေကို ချင်းပြည်သူ့တပ်မတော်(CPA) အပြင် မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်တဲ့ ယောတပ်တော်(YA)နဲ့ ယောကာကွယ်ရေးတပ်(YDF) တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိအခိုက်များနေတဲ့ စစ်တပ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ အသေခံဒရုန်းတွေ သုံးပြီး ပစ်ခတ်နေတာကြောင့် ဘာသာရေးအဆောက်အအုံတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်ပြောထားပေမဲ့ အတိအကျကိုတော့ မဖော်ပြထားပါဘူး။

လက်ရှိ ချင်းပြည်နယ်တွင်း စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ခန့်အစိုးရကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံနေရဆဲဖြစ်ပါတယ်။

BNI-Myanmar Peace Monitor ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်ခန့်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှု ၃,၂၂၅ ကြိမ် ရှိခဲ့ပြီး ချင်းပြည်နယ်ဟာ အများဆုံး လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။