ရန်ကုန်တိုင်းထဲမှာ ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလအတွင်း စစ်တပ်ခန့်အစိုးရက ဧည့်စာရင်းစစ်တာနဲ့ စစ်မှုထမ်းအတွက် လူလိုက်ဖမ်းတာတွေကြောင့် အရပ်သား ၁၅၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network (RSN) အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
စစ်မှုထမ်းသင်တန်းအသစ်တွေ စဖွင့်မယ့်အချိန်တွေမှာ လူလိုက်ဖမ်းတာတွေ ပိုများလာတတ်တယ်လို့ Rangoon Scout Network (RSN) အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဧပြီလတုန်းက သင်္ကြန်ကာလဖြစ်တာနဲ့ စစ်တပ်ဘက်က အရပ်ဝတ်လဲကာစ ဖြစ်တာကြောင့် ဖမ်းတာတွေ နည်းသွားတယ်။ ဒါပေမဲ့ မေလနဲ့ ဇွန်လမှာတော့ ပြန်များလာတယ်။ စစ်မှုထမ်းသင်တန်းအသစ်စမယ့်အချိန်နီးလာရင် လူပြည့်ဖို့ အသည်းအသန် လိုက်ဖမ်းတာတွေရှိတယ်။ လမ်းပေါ်ကနေ ဖမ်းတာ၊ စာရင်းနဲ့လိုက်ခေါ်တာ၊ ဧည့်စာရင်းစစ်ပြီး ခေါ်သွားတာတွေရှိတယ်။ သတ်မှတ်ထားတဲ့စစ်သားဦးရေပြည့်အောင် ဖြည့်ကြတာ၊ အစောပိုင်းမှာတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်တာတွေရှိပေမဲ့ သင်တန်းနီးလာရင်တော့ ပိုတင်းကြပ်လာတတ်တယ်”
RSN အဖွဲ့ ပြောဆိုချက်အရ ဧပြီလမှာ ၃၂ ဦး၊ မေလမှာ ၆၁ ဦး၊ ဇွန်လမှာ ၅၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီလိုဖမ်းဆီးမှုတွေဟာ မြို့နယ် ၁၅ ခုကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့အထဲ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေဆိုရင်တော့ စစ်မှုထမ်းအတွက် စုဆောင်းတဲ့အထဲပါသွားကြတာ များတယ်လို့ သူက ပြောပါတယ်။
RSN စာရင်းအရ ဒီသုံးလအတွင်း ဖမ်းဆီးခံရတဲ့သူတွေထဲက ၄၄ ဦးကို စစ်မှုထမ်းသင်တန်းအတွက်ဆိုပြီး စစ်တပ်ခန့်အစိုးရက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဧပြီလမှာ ၁၁ ဦး၊ မေလမှာ ၂၀ ဦး၊ ဇွန်လမှာ ၁၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧည့်စာရင်းစစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဧပြီလမှာ ၉ ဦး၊ မေလမှာ ၁၁ ဦး၊ ဇွန်လမှာ ၁၇ ဦး စုစုပေါင်း ၃၇ ဦးဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒီအချက်အလက်တွေဟာ မြေပြင်က သတင်းရင်းမြစ်တွေကို အခြေခံကာ ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာတော့ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
Rangoon Scout Network (RSN) အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့အဖွဲ့ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက ထူးခြားဖြစ်စဉ်တွေနဲ့ သတိထားသင့်တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အဓိကထား ဖော်ပြပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ ၂ဝ၂၅ ခုနှစ် မေလကနေ ၂ဝ၂၆ ဇွန်လ ၃၀ ရက်နေ့အထိ စစ်သားစုဆောင်းခံရတဲ့ လူငယ် သုံးသောင်း ကျော် (၃၃,၀၉၂ ဦး) ရှိပြီး အဲဒီအထဲမှာ အဓမ္မဖမ်းဆီးခံရပြီး စစ်တပ်ထဲအပို့ခံရတဲ့ ဖြစ်ရပ် နှစ်ထောင် နီးပါး (၁,၉၄၄ ခု) ရှိတယ်လို့ ဆိုပါတယ်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာန စာရင်းထဲမှာ ရန်ကုန်တိုင်းထဲက လူငယ် (၂,၃၂၁) ဦး စစ်သင်တန်းအပို့ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
