လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရလို့ အမျိုးသမီး တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စွန်းလွန်းဘုန်းကြီးကျောင်း၊ ရပ်ကွက် ၆ နဲ့ ၁၀ စတဲ့ နေရာ လေးခုမှာ ရှော့တိုက်ဒုံး လေးလုံး ကျရောက်ပေါက်ကွဲ။

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ပေါ်ရပ်ကွက်တွေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီးကို ဇူလိုင်လ ၉ရက်ညနေပိုင်းမှာ ရှော့တိုက်ဒုံး လေးလုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအမျိုသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇူလိုင် ၉ ရက်နေ့ ညနေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စွန်းလွန်းဘုန်းကြီးကျောင်း၊ ရပ်ကွက် ၆ နဲ့ ရပ်ကွက် ၁၀ စတဲ့ နေရာ လေးခုမှာ ရှော့တိုက်ဒုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၁ဝ က အမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရပ်ကွက် ၆ ကအမျိုးသမီးက ထိခိုက်ဒဏ်ရာရတယ်။ သူ့ကို လားရှိုးဆေးရုံ ပို့လိုက်ပါပြီ။ ရပ်ကွက် ၁၀ က အမျိုးသမီးကတော့ အိမ်ထောင်ရှိတယ်။ ကလေးတွေလည်းရှိတယ်။ အသက် ၃၈ နှစ်ပဲ ရှိသေးတယ်။ သူကတော့နေရာမှာတင် ဆုံးသွားပါတယ်။ အခန်းထဲမှာအိပ်နေရင်း ရှော့တိုက်ဒုံးက ဘေးကိုကျတော့ လည်ပင်းကိုဖောက်ဝင်သွားတာ"

ထိခိုက်သေဆုံးသွားတဲ့ ဒေသခံအမျိုးသမီးတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ လတ်တလော လုံခြုံရေးအခြေအနေအရ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲကနေ ပြန်လည် ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

လက်ရှိ လားရှိုးမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့ပြင်ကိုတော့ ကိုးကန့်တပ်(MNDAA) က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို ဒေသအခြေစိုက်တပ်တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

စစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူ ရှမ်းပြည်နယ်က လူမှုရေးဝန်ကြီး ဦးခွန်ထွန်းဖြူကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်က သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။