မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒိုစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တောင်သာ (တောင်ဘက်ရွာ) နဲ့ ရှမ်းစုရွာကြားမှာ ဇွန်လ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင် ၂၀ ခန့် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ မကွေးခရိုင် အမှတ် (၃) တပ်ရင်းက ၁၃ ဦး၊ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၆ ဦး နဲ့ မကွေးခရိုင် အမှတ် (၁) တပ်ရင်းက ၁ ဦး ပါဝင်ပြီး အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ် လူငယ်အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲ ငြိမ်နေပေမဲ့ စစ်တပ်ဘက်က စစ်ကြောင်းက တိုက်ပွဲဖြစ်ရာ တောင်သာကျေးရွာမှာပဲ ရှိနေတာကြောင့် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို သွားယူပြီး သင်္ဂြိုဟ်မပေးနိုင်သေးဘူးလို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အသတ်ခံရတာ ၂၀ ရှိတာပေါ့။ ကျဆုံးသွားတဲ့ ရဲဘော်အလောင်းတွေလည်း ပြန်မကောက်နိုင်သေးဘူး။ ဒီ ၂၀ လုံးလုံးကို သူတို့က ဆွဲဖမ်းပြီး အရှင်လတ်လတ် အသတ်ခံရတာပါ။ အရှင်ဖမ်းပြီး စစ်ဆေးမေးမြန်းပြီး ခေါင်းတွေကို ပစ်သတ်ခံရတာ”
သူတို့ကို တောင်သာ (တောင်) ကျေးရွာ စာသင်ကျောင်းအတွင်းမှာ နှိပ်စက်သတ်ဖြတ်ခံလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံးဦးကတော့ ထွက်ပြေးလွတ်မြောက်လာတာကို သတင်းကြားထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီးနောက် စစ်တပ်က ရှမ်းစုကျေးရွာက စစ်ဘေးဒုက္ခသည်တွေ ရှိတဲ့နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်သူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်တပ်က စလေမြို့နဲ့ ရေနံချောင်း ဂွေးချိုဘက်ကနေ စစ်ကြောင်းက နှစ်ကြောင်း အင်အား ၄၀၀ ခန့်နဲ့ ချောက်မြို့နယ် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ကို စစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေက နှစ်ဖက် ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်တွေကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်နဲ့ Tiktok အကောင့်တွေကနေ လူမှုကွန်ရက်တွေမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်တပ်က ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၃၀ လောက်က စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ လက်ရှိအချိန်အထိ ဘေးလွတ်ရာနေရာတွေမှာ ရှောင်တိမ်းနေထိုင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
