ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေတာကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းမှာပဲ ဒေသခံတချို့ ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၉၉၀ စင်တီမီတာအထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်ကို ဆက်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနေသူတွေ ရွှေ့ပြောင်းကျဖို့ မြို့တွင်းမှာ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာတာတွေကို ကြားနေရတယ် ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ ရေထပ်ဝင်လာနိုင်တဲ့ ရပ်ကွက်တွေက ဒေသခံတွေကို ညတွင်းချင်းရွှေ့ပြောင်းပေးနေတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
မြစ်ရေ ဆက်တက်လာနိုင်တာကြောင့် ရေမဝင်သေးတဲ့ မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေမှာလည်း ကြိုတင်ရွှေ့ပြောင်းနိုင်ဖို့ အသင့်ပြင်ထားကြပြီလို့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“အမှတ် ၅ ရပ်ကွက် သရက်ပင်ဂိတ်ဘက် ရေမြုပ်နေပြီ၊ ပြီးတော့ ပုံမှန် ရေဝင်နေကျ အနိမ့်ပိုင်းနေရာတွေ မြုပ်နေပြီပေါ့ မြို့ပေါ်မှာလည်း အကုန်လုံး အသင့်ပြင်ထားကြတယ်။ ကျမတို့ဆိုင်ကအစ ပစ္စည်းတွေ အကုန်သိမ်းပြီးပြီ မြို့လယ်ခေါင်အထိကို ရေကြီးတာ သုံးနှစ်ရှိပြီဆိုတော့ အကုန်ပြင်ထားရတယ်။ ရေတက်တာက မြန်တော့ ခဏလေးနဲ့ ရောက်လာတာ။ အခုကလည်း မိုးများတော့ တောင်ကျချောင်းရေကလည်း ရှိတယ်”
ရွှေ့ပြောင်းရတဲ့ လူဦးရေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြ၀တီမြို့အပြင် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်နဲ့ စစ်တောင်းမြစ်ရေတို့ဟာလည်း ဟုမ္မလင်းနဲ့ မဒေါက်မြို့တို့က စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်နေပြီလို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီမြို့နယ်တွေက မြစ်ကမ်းအနီးနေထိုင်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း လေးမြို့မြစ်နဲ့ ကုလားတန်မြစ်တို့ ရေကြီးရေလျှံနေတာကြောင့် ရွာပေါင်း တစ်ရာကျော်က လူဦးရေ တစ်သိန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
