ရခိုင်မှာ ရေဘေးဒုက္ခသည် တစ်သိန်းခန့် အရေးပေါ်အကူအညီလိုအပ်နေ

ကျေးရွာတချို့က ဒေသခံအများအပြားဟာ သွေးလွန်တုပ်ကွေးနဲ့ဌက်ဖျားရောဂါတွေ ဖြစ်ပွားနေ။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ တောင်ကုတ်နဲ့ မောင်တောစတဲ့ မြို့နယ် ခုနစ်ခုလောက်မှာ ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ရေဘေးဒုက္ခသည်တစ်သိန်းခန့်ဟာ စားနပ်ရိက္ခာ၊ ရေသန့်နဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရေစတင်ဝင်ရောက်လာပြီးနောက် ၁၀ ရက်နေ့မှာတော့ လေးမြို့မြစ်ဝှမ်းနဲ့ကုလားတန်မြစ်ဝှမ်းဒေသက ကျေးရွာအားလုံးနီးပါး ရေအနက်ပေ ၉ ပေကျော်အထိ ဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကနေ ရေဘေးကင်းလွတ်ရာနေရာကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ရေဘေးဒုက္ခသည် အများစုဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရေဘေးရှောင်ယာယီစခန်းတွေကို ရောက်ရှိလာကြတာကြောင့် စားနပ်ရိက္ခာနဲ့ သောက်ရေသန့်တွေ မြို့နယ်တိုင်းမှာ လိုအပ်နေတယ်လို့ မြေပြင်မှာကူညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

“မိမိအိမ်ကိုထားပြီးတော့ အပြင်ကိုထွက်လာရတဲ့အတွက် စားရေးသောက်ရေးအပိုင်းကတော့ အခက်အခဲ ရှိတယ်ဗျ။ နံပတ်တစ်အပိုင်းပါ။ နံပတ် နှစ်မှာတော့ သက်ကြီးပိုင်းနဲ့နာတာရှည်သမားတွေပါတယ်။ သူတို့မှာက တစ်နေရာကတစ်နေရာသွားရင် ဆေးရုံဆေးခန်းသွားဖို့က လမ်းတွေကအားလုံးလည်း ပြတ်တောက်နေတဲ့ အတွက် ဆေးဝါးရရှိမှုက အခက်အခဲရှိတယ်ဗျ။ အဲဒါကြောင့်ဆေးဝါးကို ဒုတိယနေရာမှာ လိုအပ်တယ်လို့ မြင်ရပါတယ်။ လက်ရှိအခင်းအကျင်းက စားရေးသောက်ရေးနဲ့ ဆေးဝါးပါ”

တစ်ဆက်ထဲမှာပဲ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်မှာလည်း ကျေးရွာနှစ်ဆယ်ထက်မနည်း ရေဘေးကြုံနေရပြီး တစ် ဆက်ထဲမှာပဲ မြေပြိုတဲ့အန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာတော့ ကျေးရွာတချို့နဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ငါးပေလောက် ဝင်ရောက်နေပေမဲ့ ရွှေ့ပြောင်းရလောက်တဲ့အထိ အခြေအနေ မဆိုးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားဒေသခံတစ်ဦးကတော့ ရေလွှမ်းမိုးမှုကြောင့် မြို့နယ်ချင်းဆက်လမ်းတွေ သွားလာလို့ မရတော့တာကြောင့် ဆက်သွယ်ရေးနဲ့ သွားရေးလာရေးခက်ခဲသွားတယ်လို့ RFAကို ပြောပါတယ်။

“မင်းပြားဘက်မှာတော့ ကျေးရွာ လေးဆယ်ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ သိရတယ်။ အထူးသဖြင့် မင်းပြားမြို့နယ် ဘုံသာချောင်းဘက်မှာ ပိုပြီးရေနစ်မြုပ်တယ်လို့ သိရှိထားပါတယ်။ တွေ့ရသလောက်ဆို မြောက်ဦး-မင်းပြားအဝေးပြေးလမ်းမနဲ့ မြောက်ဦး-ကျောက်တော်ကြား အဝေးပြေးလမ်းမကို ရေကျော်ပြီး ရေနစ်မြုပ်နေတာကို တွေ့ရပါတယ်။ ဒေသတွင်း ဆက်သွယ်ရေးကတော့ အဝေးပြေးလမ်းတွေ ရေနစ်မြုပ်နေတော့ သွားလာရတာအခက်အခဲရှိတယ်။ လက်ရှိမှာ ခရီးသည်တွေ ယာဉ်တွေလည်း ခက်ခဲနေတယ်”

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေအပြင် စစ်တပ်ကလည်း ရခိုင်မြောက်ပိုင်းက မြို့နယ်တွေနဲ့ အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအနေနဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သတိပေးတဲ့ သတင်းအချက်အလတ်တွေ မရရှိဘူးလို့ သူကဆိုပါတယ်။

လတ်တလော မြေပြင်မှာတော့ ရေဘေးသင့်ဒေသတွေကို အာရက္ခတပ်တော်(AA)နဲ့ ပရဟိတအဖွဲ့တွေက ရေဘေးလွတ်ရာနေရာတွေကို ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်လိုနေရာတွေကို ရွှေပြောင်းပေးနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ စစ်တပ်ခန့်ပြောခွင့်ရသူ ဦးမြင့်စိုးကတော့ ဇူလိုင် ၁၁ရက်ကစပြီး ကုလားတန်မြစ်မှာ ဒီရေတိုးလာပေမဲ့ စစ်တွေမြို့မှာ ရေနစ်မြုပ်တာမရှိတာကြောင့် ဒုက္ခသည်မရှိဘူးလို့ ပြောပါတယ်။

“မရှိပါဘူး။ ကုလားတန်မြစ်ကအကျယ်ကြီးပါ။ ကုလားတန်မြစ်က ဒီရေတက်တာကျတာတော့ ရှိပါတယ်။ စစ်တွေမြို့ထဲမှာလည်း မိုးရာသီမတိုင်ခင်ကတည်းက ရေမြောင်းတွေကို ဆယ်ထားဖို့ထားလို့ ပြဿနာမရှိပါဘူး။ အခြေအနေကောင်းပါတယ်။ မိုးကတော့ ပုံမှန်ထက် နည်းနည်းများများတာတော့ ရှိပါတယ်”

စစ်တပ်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းတာတွေကြောင့် ဇူလိုင် ၁၀ ရက်ကနေ ၁၈ ရက်အတွင်း ရခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းရုံးရဲ့ ဒုက္ကဋ္ဌ ကိုကျော်ဝင်းထွန်းကတော့ မြေပြင်အခြေအနေမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေကို ထောက်ပံ့ပေးနေပေမဲ့ လိုအပ်ချက်တွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့မြေပြင်ကယ်ဆယ်ရေး လုပ်နေတဲ့အထဲမှာတော့ ရေဘေးသင့်ဒေသက ပြည်သူတွေကို စားသောက်ကုန်တွေ ပြီးတော့ဆေးဝါးတွေ ထောက်ပံ့ရတာရှိတယ်။ နောက်ပြီးတော့ သောက်ရေတွေနဲ့ပတ်သက်ပြီးကျရင်တော့ တချို့ရွာတွေမှာ သောက်ရေကန်တွေကို ရေဝင်သွားလို့ သောက်သုံးရေတွေက အဆင်မပြေဘူးဖြစ်နေတယ်။ အဲဒါကြောင့် အခုလက်ရှိမှာတော့ မိုးရေကိုပဲခံပြီး သောက်နေကြတယ်”

လက်ရှိ ရေကြီးနစ်မြုပ်မှုမှာ အရပ်သားသုံးဦး သေဆုံးထားသလို မြောက်ဦးမြို့နယ်က ကျေးရွာတချို့က ဒေသခံအများအပြားဟာ သွေးလွန်တုပ်ကွေးနဲ့ဌက်ဖျားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် ပင်လယ်ပြင်ကို ဝင်ရောက်လာတဲ့ အားအလွန်ကောင်းတဲ့ BAVI တိုင်ဖွန်းမုန်တိုင်းကြောင့် မိုင်ပေါင်း ၂၀၀၀ ကျော်ဝေးတဲ့ ရခိုင်ကမ်းရိုးတန်းကို မုတ်သုန်လေ တိုက်ရိုက်ဝင်ရောက်လာပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (Global Flood Awareness System - GloFAS) ရဲ့ ခန့်မှန်းချက်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကုလားတန်မြစ်ဝှမ်းနဲ့ လေးမြို့မြစ်ဝှမ်းဒေသတွေမှာ ဇူလိုင်လတတိယတစ်ပတ်အထိ ရက်ရှည်ရေဆက်ကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။