မိုးတွင်းကာလ စစ်ဘေးဒုက္ခသည်တွေ အမိုးအကာ၊ ရိက္ခာနဲ့ ဆေးဝါးအတွက် ရုန်းကန်နေရ

မိုးကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ တိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိဖို့ နှောင့်နှေးနေသလို စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေ ရေစိုပျက်စီးတာမျိုးတွေလည်း ကြုံနေရ။

မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေချိန် မိုးရာသီရောက်လာတဲ့အတွက် နိုင်ငံအနှံ့က အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားရေးဝတ်ရေး ဆေးဝါးကနေ နေရေးအတွက်ပါ ပိုခက်လာနေပါတယ်။

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာဆိုရင် မိုးဒဏ်နဲ့အတူ အခက်အခဲမျိုးစုံ ကြုံနေရပြီး လေကြောင်းကနေ အချိန်မရွေး တိုက်ခိုက်တာပါခံနေရတဲ့အတွက် မိုးတွင်းကာလ စားဝတ်နေရေး အပြင် အသက်ဘေး အန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီ တာဝန်ခံ လောရင့်စ် ယောကီးက RFA ကို ပြောပါတယ်။

“မိုးက အရမ်းရွာတယ်။ မိုးရွာထဲမှာ စစ်ဘေးရှောင်ရတယ်။ လမ်းပန်းဆက်သွယ်ရေးတွေက မကောင်းဘူး လမ်းတွေက ပြိုတယ်။ လမ်းတွေ ချော်တယ်။ တောင်ကျချောင်းရေတွေ ကြီးတယ်။ ဒီလိုမျိုးမှာ ဖြတ်သန်းရတာ ဒုက္ခတွေ အများကြီးကြုံရတယ်။ မိုးတွင်းကာလ ဖြတ်လေးဖြတ်နဲ့လည်း ကြုံတွေ့နေရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကလည်း တရစပ်များတဲ့ဒေသမှာ အင်မတန်ခက်ခဲနေပါတယ်”

မိုးကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ စစ်ရေးအခြေအနေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိဖို့ နှောင့်နှေးနေသလို မိုးများပြီး စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေ ရေစိုပျက်စီးတာမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

စစ်တပ်ကလည်း ချင်းပြည်နယ်တောင်ပိုင်းကို ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်ရေးလုပ်နေတာကြောင့် ဆေးဝါးပြတ်လပ်ပြီး နာတာရှည်ရောဂါခံစားနေရသူနဲ့ သက်ကြီးရွယ်အိုတချို့ သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးရာသီအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ချင်းပြည်နယ်တစ်ခုတည်းမှာ မဟုတ်ဘဲ တခြား စစ်ကြောင်းထိုးစစ်တွေရင်ဆိုင်နေရပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာလည်း ရှိနေပါတယ်။

ကယားပြည်နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်တွေ မိုးတွင်းကာလ ကြုံရတဲ့ ကျန်းမာရေးပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ သိသိသာသာ တိုးလာနေပြီး ဆေးဝါးတွေ လည်း မလုံလောက်ဘူးလို့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ နေထိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

“မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်မှာ ပိုပြီးတော့ ဆိုးတယ်လို့ပြောလို့ရတယ်။ အရင်နှစ်ကဆို ငှက်ဖျားလောက်ပဲရှိတာ။ အခုကကျတော့ သွေးလွန်တုပ်ကွေးကို လူနာ ၁၀ ယောက်လာရင် ၈ ယောက်မှာ သွေးလွန်တုပ်ကွေး ဖြစ်နေတယ်။ ဆေးဝါးကလည်း လုံလောက်မှုမရှိဘူးပေါ့နော် တတ်နိုင်သလောက်တော့ ရအောင်လုပ်ပေးနေတယ်။ တချို့နေရာတွေ ကျတော့လည်း အရမ်းဝေးတော့ ကျန်းမာရေးစောင့်ရှောက်မှု သွားပေးဖို့ကျတော့ အခက်အခဲတွေရှိတယ်။ အခုလိုမိုးရာသီဆိုတော့ လမ်းတွေတအားပျက်နေတဲ့အချိန်ဆိုတော့ ပိုဆိုးတယ်”

ကလေးတွေမှာလည်း ဝဲနဲ့ ယားနာလို အရေပြားရောဂါတွေ အဖြစ်များလာနေပြီး အခြေခံဆေးဝါး၊ ဓာတ်ဆား၊ အမိုးအကာ၊ ဆန်နဲ့ စားသုံးဆီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ဒီအပြင် စစ်ဘေး ဒုက္ခ ကြုံနေရတဲ့ကာလ ကြာရှည်လာတာနဲ့အမျှ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့မှု လျော့နည်းလာတာကြောင့် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်း ရပ်တန့်နေပြီး မိုးရာသီအတွင်း စားနပ်ရိက္ခာ ရှားပါးမှုက စစ်ဘေးရှောင်တွေအတွက် အခက်ခဲဆုံး ပြဿနာဖြစ်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီကာလမှာ အလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာ အလိုအပ်ဆုံး ဖြစ်သွားတာပေါ့။ စိုက်ရပျိုးရမဲ့ဟာကလည်း မစိုက်ရကြတာ၊ ရှိတဲ့ဟာကလည်း ကုန်သလောက်ဖြစ်သွားတာဆိုတော့ တော်တော်အခက်အခဲဖြစ်တာပေါ့။ အဓိကတော့ စားရေရိက္ခာ တော်တော်ဒုက္ခရောက်ကြတာဗျာ ဒုက္ခရောက်တာဆိုတာ အလုပ်မလုပ်ရတာပေါ့။ စစ်ရှောင်ရတာလည်း ၂ လခွဲလောက်ရှိသွားပြီဆိုတော့ ပညာရေးလည်း ကျောင်းသားတွေ ကျောင်းမနေရတော့ဘူးပေါ့”

ဒေသအသီးသီးက စစ်ဘေးရှောင်တွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရချိန်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ရန်ပုံငွေကလည်း လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် မလုံလောက်သေးဘူးလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးအစီအစဉ် အတွက် လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၄၃ ရာခိုင်နှုန်းသာ ရရှိထားပြီး အမေရိကန်ဒေါ်လာ ၅၀၃ သန်း ထပ်မံလိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာမှုအဖွဲ့အစည်းတွေအနေနဲ့ လူမှုဘ၀ရှင်သန်ရေး အကူအညီတွေကို ဦးစားပေးဆောင်ရွက်နေ ကြပေမဲ့ ထပ်တိုးရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။