ကနီမြို့နယ်ထဲ စစ်တပ်က သုံးရက်ဆက်တိုက် စစ်ကြောင်းထိုး တိုက်ခိုက်နေ

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ ကနီမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်နေဟုဆို။

စစ်ကိုင်းတိုင်း ကနီမြို့နယ်က ရွာတွေကို သုံးရက်ဆက်တိုက် စစ်တပ်က စစ်ကြောင်းထိုးတာအပြင် လေကြောင်းကနေလည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းပေါ်က ချောင်းမရွာမှာ အင်အား ၂၅၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်က ဇူလိုင်လ ၁၀ ရက်နေ့မှာ ယက္ကန်းတိုင်ရွာကို စစ်ကြောင်းထိုးစီးနင်းခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေထဲကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာလည်း မင်းမရွာကို စစ်ကြောင်းထိုး စီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယက္ကန်းတိုင်ရွာကို ဝင်ရောက်စီးနင်းချိန်မှာ ရွာထဲမှာရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို လှည်း ကိုးစီးနဲ့ သယ်ယူသွားတယ်လို့ ကနီဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ယက္ကန်းတိုင်ရွာက တပ်အထိုင်ချထားတဲ့ ချောင်းမရွာနဲ့ သုံးမိုင်လောက်ပဲဝေးတယ်။ အဲဒီရွာကို မနက်အစောကြီး ၄ နာရီခွဲ ၅ နာရီလောက်မှာ ဝင်စီးတော့ ပြေးချိန်မရလိုက်ဘူး။ ပြည်သူပိုင်ပစ္စည်းတွေကို လှည်း ကိုးစီးနဲ့ တိုက်သွားတယ်။ လှည်း ငါးစီးက စစ်တပ်အထိုင်ချထားတဲ့ ချောင်းမရွာထဲကိုဝင်သွားတယ်။ နောက်ထပ် လေးစီးက သင့်ဝင်ရွာထဲဝင်သွားတယ်ပေါ့နော် သင့်ဝင်ရွာကလည်း စစ်တပ်အထိုင်ချထားတာ”

လက်ရှိမှာ စစ်တပ်အထိုင်ချထားတဲ့ ချောင်းမရွာနဲ့ သင့်ဝင်ရွာအပါအဝင် အနီးတစ်၀ိုက်ရွာတွေဖြစ်တဲ့ မင်းမ၊ ကျွဲသောက်ကန်၊ သမင်ခြံ၊ ယက္ကန်းတိုင်၊ အောင်မင်္ဂလာ၊ လင်ပုန်းရည်၊ ချင်းတောင် စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

စစ်တပ်ခန့်အစိုးရကတော့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ကနီမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်လို့ အခုဇူလိုင်လထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ စီးနင်းဝင်ရောက်မှုတွေကြောင့် ကနီ၊ မင်းကင်းနဲ့ ယင်းမာပင်မြို့နယ်တို့က လူပေါင်း သုံးသောင်းကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်တွေ မီးရှို့ခံရသလို ပြည်သူတချို့ သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။