ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ခွင့် တစ်နှစ် ထပ်တိုးပေးဖို့ ထိုင်းအတည်ပြု

မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၇သိန်းကျော်ဟာ ဒီအတည်ပြုချက်ကြောင့် ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် အသစ်လုပ်ထားတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေအားလုံးကို အလုပ်လုပ်ခွင့် သက်တမ်း တစ်နှစ် ထပ်တိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၄ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

မြန်မာအပါအဝင် လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ်အသစ်လုပ်ထားကြတာဖြစ်ပြီး ၂၀၂၆ခုနှစ် ဒီဇင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မှာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာန စာရင်းတွေအရ မြန်မာအပါအဝင် လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား ၇ သိန်း ၇ သောင်းခန့်ဟာ ဇူလိုင် ၁၄ ရက်နေ့က အတည်ပြုချက်ကြောင့် နောက်ထပ် အလုပ်လုပ်ခွင့် တစ်နှစ် သက်တမ်းတိုးခွင့်ရသွားတာကြောင့် ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်သက်တမ်း တစ်နှစ်ရထားပြီးသားဖြစ်တဲ့အတွက် သက်တမ်းတိုးတဲ့အခါ ကုန်ကျစရိတ်လျော့နည်းသွားမယ့်အကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က RFA ကို ပြောပါတယ်။

“သူတို့ကို Work Permit ( အလုပ်လုပ်ခွင့်သက်တမ်း ) သက်တမ်း တစ်နှစ်က ရပြီးသား။ တစ်နှစ်ပဲ။ အခုက နှစ်နှစ် ပေးလိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ နောက်ထပ် တစ်နှစ်တိုးမယ်၊ ပြီးတော့ လိုအပ်တဲ့ ဗီဇာ လုပ်မယ်ပေါ့။ အစကနေ လုပ်တာထက် ကုန်ကျစရိတ် လျော့နည်းသွားမှာပေါ့"

အလုပ်သမားတွေအနေနဲ့ မိမိရဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း မကုန်ဆုံးမီ သက်တမ်းတိုးဖို့ လျှောက်ထားရမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အစားထိုးစာရွက်စာတမ်း မရှိသေးသူတွေအနေနဲ့လည်း သတ်မှတ်ရက်အတွင်း အမြန်ဆုံးဆောင်ရွက်ပြီး ဗီဇာ (Visa) တံဆိပ်တုံး ရယူဖို့ အလုပ်အကိုင်ရှာဖွေရေးဌာနက တိုက်တွန်းထားပါတယ်။

စမတ်ကတ် (Smart Card) အစစ်မရခင် ကာလအတွင်းမှာတော့ တရားဝင်အထောက်အထားအဖြစ် ယာယီလက်မှတ်ကို ထုတ်ပေးသွားမှာဖြစ်ပြီး၊ သတ်မှတ်ချက်အတိုင်း မလိုက်နာရင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးပြီး တရားမဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရမှာဖြစ်လို့ အထူးဂရုပြုဖို့ လိုတယ်လို့လည်း ဆိုပါတယ်။