စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့က အလွတ်သဘော တွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အဓိကထား အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းခဲ့ပါတယ်။
ဒီတွေ့ဆုံမှုက အာဆီယံရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်မှုမှာ ဖယ်ကျဉ်ထားတဲ့ (Isolation) ပုံစံကနေ ထိတွေ့ဆက်ဆံပြီး ဖိအားပေးတဲ့ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲလာတာ တွေ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“သံတမန်စကားအရပြောရမယ်ဆိုရင် Give and take diplomacy ပေါ့ အပေးအယူဆန်တဲ့ သံတမန်နည်းကို ကျင့်သုံးတာမျိုးလို့ပဲ မြင်တယ်။ သူ့အနေနဲ့ calibrated engagement (ချိန်ဆထားတဲ့ ထိတွေ့ဆက်ဆံမှု) နည်းလမ်းနဲ့ အပေးအယူဆန်ဆန်ပဲ ဒီပထမ ခြေလှမ်းမှာ စစ်ကော်မရှင်ဘက်က အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင် အဲဒီပေါ် သုံးသပ်ပြီးတော့မှ တန်းတူပါဝင်ခွင့်တွေ ဘာတွေ စဉ်းစားမှာပေါ့နော်။ အကောင်အထည်မဖော်ခဲ့ရင်တော့ အရင်လိုပဲ ဆက်ပြီး ဖယ်ကျဉ်ထားမယ်လို့ပဲ မြင်ပါတယ်”
အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူညီချက်တွေထဲက အဓိကအချက်တွေဖြစ်တဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ နိုင်ငံရေးရပ်တည်ချက်တွေ မခွဲခြားဘဲ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာနိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ပေးပို့နိုင်ဖို့ စတဲ့ ကဏ္ဍသုံးရပ်မှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ပြသဖို့လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကစ်ရှနန် (Vivian Balakrishnan) က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် လာမဲ့လအနည်းငယ်အတွင်းမှာ တုံ့ပြန်မှုနဲ့ တိုးတက်မှုတချို့ မြင်တွေ့နိုင်ဖို့ မျှော်လင့်ထားပြီး ဆက်လက်စောင့်ကြည့်သွားရမယ်လို့လည်း သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံရဲ့ ဒီလိုထိတွေ့ဆက်ဆံမှုဟာ မြန်မာ့အရေး ဖြေရှင်းတာထက် စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံရေးအကျိုးစီးပွားကိုပဲ ပိုပြီး အထောက်အကူဖြစ်စေနိုင်တယ်လို့ ဝေဖန်ပါတယ်။
“စစ်အုပ်စုက ဒီတွေ့ဆုံမှုကို သူတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် ဝါဒဖြန့်ချီရေး ယန္တရားတစ်ခုအနေနဲ့ အာဆီယံကို သူတို့ပြန်လည်ပြီး ဝင်ဆံ့ဖို့ကြိုးစားဖို့ အခွင့်အရေးတစ်ခုလိုမျိုးတော့ ရသွားနိုင်တယ်။ ဒီလိုထိတွေ့ဆက်ဆံမှုတွေ သက်သက်နဲ့ တိုးတက်မှု အထောက်အကူပြုမှု ဖြစ်သလား မဖြစ်ဘူးလားဆိုတာကို တိုင်းတာဖို့ ခက်မယ်လို့ မြင်တယ်။ အခြေခံအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပေးတွေ့ဖို့ဆိုတဲ့ စစ်အုပ်စုက လက်မခံဘူးဆိုတာကို ကြည့်မယ်ဆိုရင် ဒီသက်ရောက်မှုက အများကြီး မေးခွန်းထုတ်စရာတော့ ရှိပါတယ်”
တဆက်တည်းမှာပဲ အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရေးကို ထိထိရောက်ရောက် လုပ်သင့်ပြီး စစ်အုပ်စုကိုလည်း အာဆီယံက စုစုစည်းစည်းနဲ့ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုတယ်လို့ ဒေါ်ဇင်မာအောင်က တိုက်တွန်းပါတယ်။
အာဆီယံဘက်က ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အကောင်အထည် ဖော်ဖို့ တိုက်တွန်းနေချိန်မှာပဲ စစ်တပ်ခန့်အစိုးရကတော့ ဒီသဘောတူညီချက်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ စစ်တပ်ခန့် နိုင်ငံခြာရေးဝန်ကြီး ဦးတင်မောင်ဆွေကတော့ ဒီဘုံသဘောတူညီချက် ငါးရပ်ဟာ အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ နိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဦးဆောင်တဲ့ လွှတ်တော်ကတစ်ဆင့် တောင်းဆိုထားကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် သဘောတူခဲ့တဲ့ ဒီအချက်အလက်တွေကိုတောင် စစ်တပ်ခန့်အစိုးရက လမ်းကြောင်းလွှဲဖို့ ကြိုးစားနေတဲ့အပေါ် အာဆီယံက အထူးသတိထား ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး က ပြောပါတယ်။
“အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဆိုတာက မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်းပဲ သူတို့ကိုယ်တိုင်ပေးထားတဲ့ ကတိကဝက်ကို ချိုးဖောက်ပြီး ဒါကိုဘယ်တုန်းကမှ လိုက်နာဆောင်ရွက်ခဲ့တာမရှိပါဘူး။ အခု တစ်ခါ ပြန်ပြီးတော့ ဒါကလည်း သူတို့အတွက် နာတယ်။ နာယူလိုက်နာဆောင်ရွက်စရာမရှိဘူးဆိုတဲ့ကိစ္စတွေ ပြောနေတာတွေကို ထောက်ချင့်လိုက်ရင် ဒီစစ်အုပ်စုက သူတို့နိုင်ငံရေးနယ်ပယ်ထဲမှာ ပါဝင်နေသမျှ ဘယ်တော့မှ အေးချမ်းတည်ငြိမ်မှု ရှိမယ်မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ အာဆီယံအနေနဲ့ သေသေချာချာ သတိပြုပြီးတော့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုလိမ့်မယ်”
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် စစ်ကောင်စီကို အလေးပေး ဆက်ဆံတာထက် ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ နိုင်ငံရေးဖြေရှင်းချက်ကို အားပေးဖို့ အာဆီယံအနေနဲ့ ပိုမိုအလေးထားသင့်တယ်လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာ့အရေးအထူးအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်တွေ အကောင်အထည်မပေါ်သေးတဲ့အတွက် အာဆီယံက အာဏာသိမ်းစစ်တပ်ကို အဆက်မပြတ်တိုက်တွန်းနေပြီး သံတမန်ရေးအရ အဆင့်လျှော့ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
အာဆီယံရဲ့ လက်ရှိချဉ်းကပ်မှုက မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်မလား၊ ဒါမှမဟုတ် စစ်တပ်ခန့်အစိုးရက သံတမန်ရေးအရ အကျိုးအမြတ်ရယူဖို့ အသုံးချသွားမလားဆိုတာကတော့ လာမယ့်ကာလအတွင်း စစ်တပ်ခန့်အစိုးရဘက်က အာဆီယံရဲ့ တောင်းဆိုချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိနဲ့သာ တိုင်းတာရမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
