အထူးစီးပွားရေးဇုန်အနီး စစ်တပ်စစ်ကြောင်းဝင်လို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ

မြိတ်နဲ့ကျွန်းစု ခရီးစဉ်မှာ ဒုတပ်ချုပ်က လက်နက်ကိုင်တပ်ဖွဲ့တွေကို ကိုင်တွယ်ချေမှုန်းဖို့ ပြောဆိုပြီးနောက် အင်အားထောင်ချီ စစ်ကြောင်းတွေ ဝင်ရောက်လာတာဟုဆို။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအနီးကို ဇူလိုင်လ ၉ ရက်ကနေ ၁၆ ရက်အထိ အင်အားတစ်ထောင်ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်နေတာကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရပြီး ရိက္ခာခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေကြောင့် ခမောင်းချောင်း၊ ကုန်းသာယာအင်း၊ ထိန်ကြီး၊ ကညင်အင်း၊ ရငဲ၊ ဧကနိ၊ ၀ဇွမ်းတောနဲ့ ဝက်ချာင်း စတဲ့ကျေးရွာတွေ ဒေသခံ သုံးထောင်ကျော်ဟာ နီးစပ်ရာကျေးရွာတွေနဲ့ စစ်ကြောင်း လွတ်ကင်းရာနေရာတွေမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒေသခံတွေဟာ ရက်ရှည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဝင်ငွေမရှိဘဲ ရပ်တည်နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ခက်ခဲနေတယ်လို့ ရေဖြူမြို့နယ်က အမည်အဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ဇူလိုင် ၁၆ ရက်အထိ မထွက်သေးဘူး။ အလုပ်အကိုင်တွေလည်း ပျက်တော့ လူတွေမှာ ငွေကမရှိ ဆန်မရှိ၊ ဟင်းမရှိနဲ့နေနေကြရတာ။ အရင်ကတော့ မီးသွေးဖုတ်၊ ထင်းခုတ် နေ့စားလိုက်ကြတော့ အဆင်ပြေကြတယ်။ အခုက စစ်ကြောင်းတွေက ဝင်လာတော့ မဖမ်းဘူး၊ မဆီးဘူး၊ မသတ်ပါဘူးဆိုတဲ့ အာမခံချက်မရှိဘူးလေ အဲဒါကြောင့် ဒေသခံတွေက နေရပ်မပြန်ရဲကြတာ။ ဒီလိုသာရက်ရှည် ဆက်ပြီးစစ်ရှောင်ရမယ်ဆို အကုန်ရိက္ခာပြတ်ပြီး ငတ်မဲ့သဘောမှာရှိတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က တနင်္သာရီတိုင်း မြိတ်နဲ့ကျွန်းစုမြို့နယ်ခရီးစဉ်မှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိထိရောက်ရောက် ကိုင်တွယ်ချေမှုန်းဖို့ ပြောဆိုခဲ့ပြီးနောက် အင်အားထောင်ချီပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာတာလို့ သူကဆိုပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ခမောင်းချောင်းရွာမှာ အထိုင်ချတပ်စွဲထားပြီး အနီးအနားက ကျေးရွာတွေကို ဝင်ရောက်ကာ ဒေသခံတွေရဲ့နေအိမ်တွေကို ဝင်ရောက် ဖျက်ဆီးနေတယ်လို့လည်း ပြောပါတယ်။ ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်တပ်ရဲ့တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၈ သန်းကျော် (၃,၈၁၄,၁၀၀)ဦး ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။