အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ရုရှားကြည်းတပ်တို့ဟာ ရုရှားနိုင်ငံက ယူဆောင်လာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို အသုံးပြုပြီး ပထမဆုံးအကြိမ် ပူးတွဲကြည်းတပ်စစ်ရေးလေ့ကျင့်ခန်းကို ဇူလိုင်လ ၆ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရကထုတ်ပြန်ပါတယ်။
MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) အမည်နဲ့ ပြုလုပ်တဲ့ ဒီလေ့ကျင့်ခန်းမှာ FPV Drone၊ Heavy Drone၊ UAV၊ Sniper နဲ့ ရဟတ်ယာဉ်အသုံးပြု စစ်ဆင်ရေးတွေအပြင် အထူးတပ်ဖွဲ့တွေ အတွက် တောတွင်းနဲ့ တောင်ပေါ်တိုက်ခိုက်ရေး နည်းဗျူဟာတွေကို ရုရှားနဲ့ မြန်မာနည်းပြတွေက လက်တွေ့ လေ့ကျင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပူးတွဲစစ်ရေး လေ့ကျင့်ရေး ပိတ်ပွဲအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံက ယူဆောင်လာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို လက်တွေ့ အသုံးပြု လေ့ကျင့်ခဲ့ရတာဟာ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားကြည်းတပ် ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး မီခိုင်လ် ယာကိုဗ်လီဗစ်ချ် နိုဆူလက်ဗ် (Mikhail Yakovlevich Nosulev) က ဦးဆောင်ခဲ့တာ တွေ့ရပါတယ်။
ဒီပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ ရုရှားဆီက FPV Drone၊ UAV နဲ့ စစ်နည်းပညာတွေကို လက်တွေ့ရယူဖို့ သာမက တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးကို တန်ပြန်ဖို့လည်း ရည်ရွယ်ထားတာလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကော်မရှင်အစိုးရဟာ နိုင်ငံရေးအရ ခုလွှတ်တော်မှာ တင်ပြတဲ့အရေးပေါ်ကာလ သက်တမ်းဆက်တိုးပြီး စစ်ရေးနည်းနဲ့ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ပူးပေါင်းလေ့ကျင့်မှုလို့ ဆိုပေမဲ့ အဓိကကတော့ ရုရှာဒဆီကနေ ဒီ FPV Drone နဲ့ UAV တွေကို မှာယူတင်သွင်းပြီး လက်တွေ့သုံးတဲ့ စစ်နည်းပညာကိုပါ ရယူခဲ့တာ မျိုးလို့ မြင်ပါတယ်။ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာကို ရယူခြင်းဟာ ယခင်လပိုင်းတွေက ချင်းဖက်၊ စစ်ကိုင်းဖက်နဲ့ ကချင်ဖက်မှာ ယူကရိန်းနည်းပညာသုံး drone တွေသုံးပြီး တော်လှန်ရေးဖက်က စစ်ဆင်လာတဲ့အပေါ် တန်ပြန်ဖို့ ကြိုးစားလာတဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်ပြီး ဒီရှေ့မှာလည်း ရုရှားဆီကရရှိတဲ့ FPV Drone နဲ့ UAV တွေသုံးပြီး ယခင်ကာလထက်ပိုတဲ့ စစ်ဆင်နည်းတွေပြောင်းလဲ ဖော်ဆောင်လာနိုင်တယ်လို့ မြင်ပါတယ်"
အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားဟာ စစ်ကောင်စီရဲ့ အဓိက စစ်ရေးမိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လေကြောင်းကာကွယ်ရေးစနစ်နဲ့ အခြားစစ်လက်နက်တွေ ရောင်းချပေး နေတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံကြား စစ်ရေးလေ့ကျင့်မှု၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အပြန်အလှန်လည်ပတ်မှုနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆက်တိုက် တိုးမြှင့်လုပ်ဆောင်လာနေတာတွေ့ရတယ် စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။
