စစ်တပ်ခန့်အစိုးရအပေါ် အာဆီယံရဲ့ ပိတ်ပင်ကန့်သတ်မှု မူဝါဒ ပြန်ကျင့်သုံးဖို့ SCEF တိုက်တ

မနီလာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ စတင်ကျင်းပတဲ့နေ့မှာပဲ တိုက်တွန်း။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်တပ်ခန့်အစိုးရဘက်က ဆက်လက် မလိုက်နာဘူးဆိုရင် အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ကန့်သတ်တဲ့ မူဝါဒကို ပြန်လည်ကျင့်သုံးဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ စတင်ကျင်းပတဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ SCEF က အိတ်ဖွင့်ပေးစာ ပေးပို့ရာမှာ အခုလို ထည့်သွင်းတောင်းဆိုခဲ့တာပါ။

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) တို့ကို အပြန်အလှန် အထောက်အကူပြုတဲ့ မူဘောင်တွေအဖြစ် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဖို့နဲ့ စစ်အုပ်စုအပေါ် အမှန်တကယ် ဖိအားပေးဖို့ လက်တွေ့ကျတဲ့ အရေးယူမှုတွေကို အာဆီယံထံကနေ မြန်မာပြည်သူတွေက မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ အာဆီယံဘုံ သဘောတူညီချက် (၅) ရပ်နဲ့ပတ်သက်ပြီး ရလဒ်ရရှိရေး ဦးတည်တဲ့၊ တိုင်းတာအကဲဖြတ်နိုင်တဲ့၊ လက်တွေ့ဖော်ဆောင်နိုင်တဲ့ ချဉ်းကပ်နည်းတွေနဲ့ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အရေးကြီးတဲ့ အခွင့်အလမ်းတစ်ခုလို့လည်း ဖော်ပြထားပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတိုင်းဟာ မူဝါဒကို အခြေခံတဲ့ ထိတွေ့ဆက်ဆံမှု၊ အားလုံးပါဝင်ရေးနဲ့ ခိုင်မာတဲ့ရလဒ်တွေအပေါ် အခြေခံရမယ်လို့ SCEF က ပြောပါတယ်။ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတစ်ရပ်ရရှိဖို့ NUG၊ EROs၊ ဒီမိုကရေစီ အင်အားစုတွေ၊ လူနည်းစုအသိုင်းအဝိုင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံး အဓိပ္ပာယ်ရှိရှိ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေ ကိုယ်တိုင်ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ ဖြေရှင်းနည်းမူတွေနဲ့အညီ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဒေသတွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်အကဲဖြတ်ရေး ယန္တရားတွေရဲ့ ပံ့ပိုးမှုနဲ့ ဖော်ဆောင်သင့်တယ်လို့ SCEF က တိုက်တွန်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း SCEF က ပြောပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုပုံစံ ပြောင်းလဲလာနိုင်တဲ့ အခြေအနေမှာ SCEF ရဲ့ အိတ်ဖွင့်ပေးစာဟာ အာဆီယံကို သတိပေးလိုက်တဲ့ သဘောဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“ခုအချိန်ကာလဟာ အာဆီယံကနေ စစ်ကောင်စီကို ပုံစံအသစ်နဲ့ ချဉ်းကပ်ဖို့ စတင်ကြိုးစားနေချိန်လည်းဖြစ်သလို အာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေကလည်း စစ်ကောင်စီနဲ့ လာရောက်ထိတွေ့ပြီး ချဉ်းကပ်မှုတွေအရ အခုလုပ်နေတဲ့ အစည်းအဝေးဟာ အလွန်အရေးကြီးနေတာပေါ့။ ပြီးခဲ့တဲ့ ဘန်ကောက်တွေ့ဆုံမှုမှာ အာဆီယံရဲ့ ချဉ်းကပ်မှုပုံစံအသစ်မှာ SCEF ထဲက ERO တွေနဲ့ NUG CRPH အပါ နိုင်ငံရေးအင်အားစုတွေကို ခွဲထုတ်ပြီး ချဉ်းကပ်ခဲ့မှုအပေါ် SCEF - NUG ဟာ ဒီအပေါ် စိုးရိမ်ခဲ့ရတယ်။ ဒါ့ကြောင့် အာဆီယံရဲ့ ချဉ်းကပ်မှုပုံစံအသစ်ကို ပြန်သုံးသပ်နိုင်အောင် ခုအစည်းအဝေးနဲ့ အချိန်ကိုက် အိတ်ဖွင့်စာပေးတယ်လို့ မြင်ပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုမှာ SCEF က NUG၊ ERO နဲ့ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ထည့်သွင်းစဥ်းစားနိုင်အောင် တိုက်တွန်းတာမျိုးလို့ ထင်ပါတယ်”

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်မဖော်ဘူးဆိုရင် စစ်တပ်ခန့်အစိုးရအပေါ် အဆင့်မြင့်ထိတွေ့ဆက်ဆံမှု ကန့်သတ်ချက် ပြန်လည်ချမှတ်ဖို့ဆိုတဲ့ တောင်းဆိုချက်ဟာ SCEF တစ်ဖွဲ့တည်းရဲ့ ရပ်တည်ချက်မဟုတ်ဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ကလည်း အလားတူ တိုက်တွန်းထားတာကြောင့် အာဆီယံအတွင်း ဆွေးနွေးလာနိုင်တဲ့ အလားအလာရှိတယ်လို့ သူက သုံးသပ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က မြန်မာ့အရေးအထူးအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်တွေ အကောင်အထည်မပေါ်သေးတဲ့အတွက် အာဆီယံက အာဏာသိမ်းစစ်တပ်ကို အကြိမ်ကြိမ် တိုက်တွန်းနေပြီး သံတမန်ရေးအရ အဆင့်လျှော့ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။