မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရှေးဟောင်းစာပေအမွေအနှစ်တွေ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဘဝတစ်လျှောက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်းဟာ ဇူလိုင် ၂၉ ရက် မနက် ၅ နာရီ ၂၇ မိနစ်မှာ အသက် ၈၉ နှစ်အရွယ်နဲ့ ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA)ရဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ကတော့ ဆရာကြီး ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်း ကြေကွဲရကြောင်း ထုတ်ပြန်ထားပြီး၊ ဆရာကြီးဟာ အသင်းရဲ့ နာယကကြီးအဖြစ် ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်နဲ့ စာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာအမွေအနှစ်တွေ ချန်ရစ်ပေးခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
MLA ရဲ့ ထုတ်ပြန်ချက်မှာ ဆရာကြီးရဲ့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေ၊ မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့မှုတွေဟာ မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်နဲ့ စာပေလောကမှာ မမေ့နိုင်တဲ့ အမွေအနှစ်တွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာ့သမိုင်း၊ စာပေနဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာက သိရှိလာစေဖို့ အင်္ဂလိပ်ဘာသာနဲ့ စာပေ၊ သုတေသနစာတမ်းတွေ ရေးသားဖတ်ကြားခဲ့တဲ့ နိုင်ငံ့သားကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဆရာကြီး ဦးသော်ကောင်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမိုင်းကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာ့ငွေကြေးဘုတ်အဖွဲ့ဝင် အဖြစ် ငွေစက္ကူတွေပေါ်မှာ “မောင်ကောင်း” လို့ လက်မှတ်ရေးထိုးခဲ့တဲ့ စည်သူဘွဲ့ရ ပညာမင်းကြီး ဦးကောင်းရဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။ ၁၉၃၇ မှာ မွေးဖွားသူဖြစ်ပြီး ၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီးနောက်၊ ၁၉၆၀ ပြည့်နှစ်မှာ ဗြိတိန်နိုင်ငံ University College London ကို ပညာတော်သင်အဖြစ် သွားရောက်ကာ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာကို ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကို ပြန်လာပြီးနောက် ဆရာဇော်ဂျီနဲ့အတူ တက္ကသိုလ်များဗဟိုစာကြည့်တိုက် တည်ထောင်ရေး စီမံကိန်းတွေကို ဦးဆောင်ဆောင်ရွက်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နဲ့ တက္ကသိုလ်များဗဟိုစာကြည့် တိုက်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှ ာ စာကြည့်တိုက်ပညာဌာနကို စတင်တည်ထောင်ခဲ့ပြီး အချိန်ပိုင်းပါမောက္ခနဲ့ ဌာနမှူးအဖြစ် တာဝန်ယူကာ ၁၉၉၇ ခုနှစ်အထိ မျိုးဆက်သစ် စာကြည့်တိုက်ပညာရှင် အများအပြားကို မွေးထုတ်ပေးခဲ့ပါတယ်။
အဲဒီကာလအတွင်း တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးချုပ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ပျက်စီးဆုံးရှုံးသွားတဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းပေစာနဲ့ ပုရပိုက်တွေကို ထိန်းသိမ်းနိုင်ဖို့ နိုင်ငံတဝန်း လှည့်လည်စုဆောင်းခဲ့ရာ ပေစာနဲ့ ပုရပိုက်ထုပ်ပေါင်း ၁၆,၀၀၀ ကျော်ကို စုဆောင်းထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။
သုတေသနစာတမ်းနဲ့ စာအုပ်အများအပြားကိုလည်း ရေးသားပြုစုခဲ့ပြီး မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်ပညာ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။
ဆရာကြီးဟာ မြန်မာနိုင်ငံသုတေသနအသင်းမှာ ဂုဏ်ထူးဆောင် စာကြည့်တိုက်မှူးနဲ့ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့ နာယက၊ အမျိုးသားစာပေဆု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းကော်မရှင်အဖွဲ့ဝင်၊ တိုင်းရင်းသားရိုးရာမူရင်းစာပေများ ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနဲ့ BANCA အသင်းရဲ့ နာယကအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုင်ငံတကာမှာလည်း ဗြိတိန်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေကို သွားရောက်ပြီး စာကြည့်တိုက် ပညာကို လေ့လာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေဒေါက်တာဘွဲ့ (D. Litt.) ကို ချီးမြှင့်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ဖုကုအိုက အာရှယဉ်ကျေးမှုဆု၊ ၂၀၁၁ ခုနှစ်မှာ အမျိုးသားစာပေ တစ်သက်တာဆုနဲ့ အခြားဂုဏ်ထူးဆောင်ဆုများစွာကို ရရှိခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးထဲမဝင်ခင် ဂျပန်နိုင်ငံမှာ သုတေသနပညာရှင် အဖြစ် ဆောင်ရွက်နေစဉ် သူမရဲ့ သုတေသနစာတမ်းတွေအတွက် ဆရာကြီး ဦးသော်ကောင်းက အကူအညီများစွာ ပေးခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
ဆရာကြီး ဦးသော်ကောင်းရဲ့ ဈာပနအခမ်းအနားကို ဇူလိုင် ၂၉ ရက် နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့ ရေဝေး သုသာန်မှာ ကျင်းပမှာဖြစ်ပြီး၊ နေ့လယ် ၂ နာရီမှာ မီးသင်္ဂြိုဟ်မယ်လို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ထုတ်ပြန်ထားပါတယ်။
