မကွေးတိုင်း၊ ဆောမြို့နယ်တွင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က စစ်သုံ့ပန်း ၉ ဦးနဲ့အတူ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း စစ်ဌာနက ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့က အင်အား ၁၈၀ ခန့်ရှိတဲ့ စစ်တပ် စစ်ကြောင်းက လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီစစ်ကြောင်း ဆုတ်ခွာသွားချိန်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆောမြို့နယ်အတွင်းမှာ လက်ရှိအချိန်အထိ စစ်တပ် နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုအချိန်အထိ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတာပေါ့။ စစ်တပ်ဆုတ်ခွာတဲ့ နေရာတွေကိုလည်း နယ်မြေရှင်းလင်းနေတယ်ဗျ။ လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိပါတယ်ဗျ”
ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့က စစ်တပ် တပ်မ - ၉၉ က အင်အား ၃၀၀ ခန့် ရှိတဲ့ စစ်ကြောင်းဟာ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်ကနေ ဆောမြို့ကို လာရောက်ချိန် ဒေသကာကွယ်ရေးတပ်ဖွဲတွေနဲ့ တိုက်ပွဲဖြစ်ပြီး အထိနာကာ ပြန်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ပြီး နယ်မြေ ရှင်းလင်းချိန်မှာလည်း လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတင်ကား ၃ စီး နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေတွေ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် ထုတ်ပြန်ချက်အရ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်းသေနတ် ၂ လက်၊ RPG ပြောင်း ၂ လက်၊ ၄၀ မမ ဗုံးသီး ၅၁ လုံး၊ ၆၀ မမ ဗုံးသီး ၁၄၄ လုံး၊ ၈၁ မမ ဗုံးသီး ၁၉ လုံး၊ ၁၂၀ မမ ဗုံးသီး ၂၂ လုံးစတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်တွေနဲ့ စားနပ်ရိက္ခာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
